ပဲခူး ဧပြီ ၂၇
တိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်မြေများတွင် အဟာရဓါတ်များ လုံလောက်စွာ ပြန်လည်ဖြည့်သွင်းပေးရန် လိုအပ်လာပြီဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် စိုက်ပျိုးမြေအဟာရအတွက် သဘာဝမြေဩဇာဖြစ်သည့် သစ်စိမ်းမြေဩဇာ ထည့်သွင်းပေးခြင်းသည် မြေဆီလွှာတွင် နိုက်ထရိုဂျင် ကြွယ်ဝစေခြင်းနှင့် မြေသား တည်ဆောက်မှုကောင်းမွန်စေခြင်း တို့ကြောင့်မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်ဆောင်ရွက်သင့် သည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ယမန်နေ့ နံနက်ပိုင်း က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ တောင်သူပညာပေးစခန်း၌ ကျင်းပပြုလုပ်သော သစ်စိမ်း မြေဩဇာပြုလုပ်သုံးစွဲနည်း ပညာပေးသင်တန်းနှင့် ပိုက်ဆံလျှော်မျိုးစေ့ ပေးအပ်ပွဲအခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က သဘာဝမြေဩဇာဖြစ်သော ပိုက်ဆံလျှော်၊ ပဲမျိုးရင်းဝင်ကဲ့သို့သော သစ်စိမ်းမြေဩဇာအပင်များကို ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် သစ်ဆွေးနှင့် အခြားအဟာရဓာတ်များစွာ ရရှိနိုင်သဖြင့် ဓာတ်မြေဩဇာကုန်ကျစရိတ် လျော့ချနိုင်မည်ကြောင်း၊ လယ်ယာကုန်ထုတ်လုပ်ငန်းတွင် ကုန်ကျ စရိတ်ချွေတာပြီး ရေရှည်အကျိုးရှိသည့် သစ်စိမ်းမြေဩဇာ ပိုမိုထည့်သွင်းအသုံးပြုနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက သစ်စိမ်းမြေဩဇာ ပြုလုပ် သုံးစွဲနည်း ပညာပေးသင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးမြို့နယ်၊ ကဝမြို့နယ်၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့ရှိ တောင်သူများအား ပိုက်ဆံလျှော် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း လာမည့်မိုးစပါးမစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာ ဧက(၁၀၀၀၀) စိုက်ပျိုးသွား မည်ဖြစ်ပြီး သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဓာတ်မြေဩဇာ အကျိုး အာနိသင် ပိုမိုထိရောက်ခြင်း၊ မြေဩဇာလိုအပ်ချက် လျော့ချနိုင်ခြင်း၊ သီးနှံအရည်အသွေး ကောင်းမွန်၍ ဘေးကင်းလုံခြုံမှုရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)