ပဲခူး ၃ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီး Covid-19 ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအဝင်/အထွက် နယ်စပ်ဂိတ် များတွင် ကုန်တင်ယာဉ်များ ရပ်တန့်ထားပြီး ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးချက်များ အား အမြန်ဆုံးစစ်ဆေး ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်မှလည်း ကုန်စည် စီးဆင်းမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သို့ စစ်ဆေး ရာတွင် ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များတွင် ရောဂါပိုးတွေ့ရှိသူများလည်း ရှိလာနိုင်မည်ဖြစ်၍ လူနာတင်ယာဉ်များ၊ ရောဂါပိုးတွေ့ရှိသူ ထားရန်နေရာများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် တို့ကိုလည်း စီစဉ်ထားရှိရန်လိုအပ်ကြောင်း၊ Covid-19 ရောဂါပိုး အမြန်ဆုံးစစ်ဆေးနိုင်ရေးအတွက် Test Kit များအား ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာနေရာများသို့ ညတွင်းချင်း အရောက်ပေးပို့နိုင်ရေး ဌာနဆိုင်ရာများမှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း၊ ခရိုင်/မြို့နယ် ကော်မတီဝင်များက မြို့နယ်အလိုက် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လည်းကောင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ကုန်တင် ယာဉ်မောင်းများနှင့် ခရိုင်/မြို့နယ် ဆေးရုံများအတွက် အမြန်ဆုံး စစ်ဆေးပေးနိုင်ရေး Test Kit များ ထုတ်ယူနေမှု အခြေအနေကို လည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)