ပဲခူး ၂၃ စက်တင်ဘာ
ပဲခူးမြို့ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ဥဿာကျော်ဟိုတယ်တွင် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု လုံးဝမရှိခဲ့သည့် တစ်နှစ်ပြည့်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက နိုင်ငံ၏ အဖိုးတန်အမွေအနှစ်ဖြစ်သည့် တောဆင်ရိုင်း များကိုကာကွယ်ဖို့အတွက် ဖွဲ့စည်းပေးထားသည့် သက်ဆိုင်ရာ ဌာနပေါင်းစုံပါဝင်သော မြေပြင်ကင်းလှည့်အဖွဲ့များက နေပူမရှောင်မိုးရွာမရှောင် ဆင်းရဲဒုက္ခခံပြီးကြိုးပမ်းမှုများကြောင့် ဒေသခံပြည်သူများနှင့်တောဆင်ရိုင်းတွေအကြား ပဋိပက္ခဖြစ်ပွားမှုလျော့ကျခဲ့သည့်အပြင် ဆင်သတ် မုဆိုးများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းတောဆင်ရိုင်းသတ်ဖြတ်ခံရမှု လုံးဝမရှိတော့တာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အဖိုးတန် တောဆင်ရိုင်းတွေကို တစ်နှစ်တာအတွင်း အသတ်ဖြတ်ခံရမှုလုံးဝမရှိအောင် ကြိုးပမ်းနိုင်ခဲ့သလို အနာဂတ်မှာလည်း နိုင်ငံ့အဖိုးတန်တောဆင်ရိုင်းတွေကို အတူတကွဆက်လက်ပူးပေါင်းကာကွယ်သွားကြရန်လိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူ းဦးဇော်ဦးတို့က ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၈ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလအထိ တစ်နှစ်တာကာလအတွင်း တောဆင်ရိုင်းသတ်ဖြတ်ခံရမှု လုံးဝမရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် သစ်တောဦးစီးဌာနမှဝန်ထမ်း ၂၀ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့တို့မှ အရာရှိ တပ်ဖွဲ့ဝင်(၆၀)ဦး၊ စုစုပေါင်း(၈၀)ဦးအား ဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း တောဆင်ရိုင်းများသတ်ဖြတ်ခံရခြင်းမရှိစေရေးအတွက် တောဆင်ရိုင်းများ ကျင်လည်ကျက်စားနေသည့်နေရာများကို အကာအကွယ်ပေးနိုင်စေရန် ပုံမှန်ကင်းလှည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနပေါင်းစုံပါဝင်သည့် အဖွဲ့ကိုဖွဲ့စည်းပြီး ကင်းလှည့်အခြေစိုက် စခန်းများထားရှိကာ ပုံမှန်ကင်းလှည့်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ မြို့ပေါ်ရှိတောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများရောင်းဝယ်နေသည့် ဈေးကွက်ပိတ်သိမ်းသွားရေးအတွက် ဥပဒေပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် အသိပညာပေးမှုများအင်တိုက်အားတိုက်လုပ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


