ပဲခူး ၂၁ ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး အတွင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား လိုအပ်သော ကျန်းမာရေးဆိုင်ရာ စိစစ်မှုများ ပြုလုပ်နိုင်ရန် ဧပြီလ(၂၁) ရက်နေ့မှစတင်ကာ ဝေါမြို့နှင့် အင်းတကော်မြို့တို့တွင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေးဂိတ် ၂ ခု ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

 

845

 

ဝေါမြို့နယ် စစ်တောင်းတံတားထိပ် (ရဲကင်းအနီး)နှင့် ပဲခူးမြိုနယ် အင်းတကော်မြို့ (သစ်တော ဂိတ်)တို့တွင် နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီ အထိ ကားနှင့် လူဝင်/ထွက်မှုများအား မှတ်တမ်းတင်ကာ  ခရီးသွားပြည်သူများအား ကျန်းမာရေးဆိုင်ရာများ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဝေါမြို့နယ် စစ်တောင်းတံတားထိပ် (ရဲကင်းအနီး)စစ်ဆေးရေးဂိတ်တွင် ပဲခူးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မင်း ဦးဆောင်သော အကောက်ခွန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝက၊ ကျန်းမာရေး၊ တိမွေး/ကု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စသည့် ဌာနများမှ အရာထမ်း၊ အမှုထမ်းများဖြင့် လည်းကောင်း၊  ပဲခူးမြိုနယ် အင်းတကော်မြို့ (သစ်တောဂိတ်)တွင် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်း ဒေသကြီးညွှန်ကြားရေးမှူးဦးသိန်းဌေးအောင် ဦး‌ဆောင်သော သစ်တော၊ ထွေ/အုပ်၊ ကျန်းမာရေး၊ ဆည်မြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများဖြင့်လည်းကောင်း စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

8653

 

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်သူများအနေဖြင့် နေ့စဉ် ကားဝင်/ထွက် စာရင်းများ၊ ယာဉ်တစ်စီးချင်း အလိုက် ယာဉ်အမှတ်နှင့် ခရီးသွားများ၏အမည်၊ အသက်၊ မှတ်ပုံတင် အမှတ်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ ထိုင်ခုံအမှတ်စသည်တို့အား စနစ်တကျ မှတ်ပုံတင် စာအုပ်ဖြင့် မှတ်တမ်းတင်ထားရမည်ဖြစ်ပြီး ခရီးသွားပြည်သူများ၏ ကျန်းမာရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု စက်များဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းများ၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ရာ ကိုဗစ်-၁၉ သံသယလူနာတွေ့ရှိပါက သတ်မှတ်ထားသောဆေးရုံ (သို့မဟုတ်) Facility Quarantine နေရာများသို့ ပို့ဆောင်ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)