ပဲခူး၊   ၂၂    ဇွန် 

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်(၃)၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ဇွန်လ(၂၂)ရက် နံနက်ပိုင်းက သနပ်ပင်မြို့နယ် အတွင်းရှိ မွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင် မြို့နယ်၊ အနီးကိုက်ကျေးရွာအတွင်း ရွှေဆန်းကြယ်ကုမ္ပဏီမှ မြေဧရိယာ(၁၈၆.၂၈)ဧက ပေါ်တွင် ငါးမြစ်ချင်း၊ ငါးမုတ်၊ ငါးတန်၊ ငါးကြင်းခေါင်းပွနှင့် မြက်စားငါးကြင်း စီးပွားဖြစ် မွေးမြူထားသည့် ငါးကန်သို့ ရောက်ရှိခဲ့ရာ ငါးကန်တာဝန်ရှိသူတစ်ဦးမှ ငါးမွေးမြူထုတ်လုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက အခြား ဈေးကွက်ဝင် ငါးမျိုးများ ထပ်မံမွေးမြူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ကမာစဲစံပြကျေးရွာရှိ ဦးဝင်းထိုက်မောင်၏ ဥစားဘဲ သားဖောက်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံက လုပ်ငန်း လည်ပတ်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လူတန်းစားမရွေး အဓိကစားသုံးကုန်တွင် ဘဲဥစားသုံးခြင်းသည် မြင့်မားလျက်ရှိကြောင်း၊ ဈေးကွက် ခိုင်မာမှုရှိသည့် ဘဲဥထုတ်လုပ်ခြင်းအတွက် ဥစားဘဲ သားဖောက်လုပ်ငန်းသည်လည်း အလွန် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး မျိုးကောင်း မျိုးသန့်ရရှိနိုင်ရေးနှင့် နည်းပညာလိုအပ်ချက်များ အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် သနပ်ပင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ ရောက်ရှိခဲ့ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအမှန်များနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး၊ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် သနပ်ပင်မြို့လည်တံတား ရေစီးရေလာကောင်းမွန်စေရေးနှင့် အသစ်ပြန်လည်ပြုပြင်နိုင်ရေး၊ မြေထိန်းနံရံ ပြန်လည်ပြုပြင်ပေးနိုင်ရေး၊ မြို့တွင်းလမ်းဘေးဝဲယာ အရိပ်ရသစ်ပင် စိုက်ပျိုးနိုင်ရေးနှင့် မြို့ ရှောင်လမ်း လမ်းဘေး ဝဲ၊ ယာ လျှပ်စစ်မီးလင်းရေးတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ရှိ တိုင်းရင်း ဆေးရုံ၊ GTI ကျောင်းနှင့် ပဲခူးတက္ကသိုလ် ဆေးရုံတို့၌ Quarantine Center စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပဲခူးမြို့အဝင် (ဝင်းဘော်ဒတ်) စစ်ဆေးရေးဂိတ် ဆောက်လုပ်မည့် နေရာတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)

mdn