နေပြည်တော် သြဂုတ်၁၄
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဆည်ရေသောက်စနစ်များတွင် စိုက်ပျိုးရေပေးဝေမှုဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၌ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရဲနွယ်ချောင်းကို ယာယီတမံပိတ်ပြုလုပ်ပြီး လာမည့်ဘဏ္ဍာ နှစ်တွင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေကိုပြန်လည် အသုံးချပြီး နွေစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ဒေသရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံမျိုး များပြောင်းလဲအသုံးပြု၍ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး၊ မြေလွတ် မြေလပ်မကျန် စိုက်ပျိုးထုတ်လုပ်ပြီး ဒေသ၏ လယ်ယာကုန်ထုတ်စွမ်းကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ တောင်သူများ လက်တွေ့ကျကျ အသုံးပြု နိုင်သည့် လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများကို တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်ရေးဆွေးနွေး ခဲ့ကြသည်။
ထိုနောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် သနပ်ပင်မြို့နယ် ကျိုက်ပဒိုင်ကြီးကျေးရွာ၊ ကျိုက်ပဒိုင် လေးကျေးရွာ၊ ကျိုက်မဲကျေးရွာများအနီးရှိ ရေနက်ကွင်းနေရာတွင် ယခင်ရေကျနောက်စိုက် စပါးတစ်သီး ကိုသာ စိုက်ပျိုးနိုင်ခဲ့သည့် ကျိုက်ပဒိုင်လယ် သမားတာပေါ်တွင် ရေတံခါး (၆ပေ x ၁၂ပေ) (၂)ပေါက် တည်ဆောက်၍ ရေသွင်းပြီး နွေစပါးထပ်မံစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ တောင်သူများ စိုက်ပျိုးရေအကျိုးရှိ ထိရောက်စွာအသုံးပြုရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဘုရားကြီးမြို့၊ စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီးစွမ်းအား ပြည့်အသုံးပြုနိုင်သည့် စက်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးနှင့် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဝေါမြို့နယ် ပဲခူး-စစ်တောင်းတူးမြောင်းပေါ်ရှိ ကံမြင့်ဆိုလာစနစ် ရေတင်စီမံကိန်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးပြောကြား သည်။
ထို့နောက်ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝေါမြို့နယ် ပုကိုင်တာ ရေတံခါးတည်ဆောက်ခြင်း စီမံကိန်းနှင့် ရန်ကုန်မြို့တော် မိုင်(၃၀)ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဘိုင်းဒါး တူးမြောင်းမကြီး တိုးချဲ့ရန် စီစဉ်ဆောင်ရွက်နေမှုများအပေါ် လိုအပ်သည်များကို ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စုရှိ ဆင်းသုခ မိုးစပါး RS to CS မျိုးစေ့ထုတ်စိုက်ခင်းနှင့် ပျဉ်းမလွင်ကျေးရွာရှိ မိုးစပါးတင်း(၁၀၀)ထွက်ရှိရေးစံပြကွက် ဧက(၁၀၀) စိုက်ကွင်း များကိုကြည့်ရှုစစ်ပြီး နှစ်အလိုက် တိုးချဲ့ဆောင်ရွက်ရန် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)