နေပြည်တော် ဩဂုတ် ၁၇ 
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အဝင်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မျိုးဘဲဖြန့်ဖြူးရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ခြံတာဝန်ခံက မျိုးမြှင့်ဥစားဘဲ မိဘမျိုးများ မွေးမြူထားရှိမှု၊ မလေးရှား ကာကီကမ်းဘဲလ် (PS) ဥစားဘဲမျိုး သားပေါက်များ ထုတ်လုပ်၍ ဒေသနေ ဘဲမွေးတောင်သူများကို (F-1) အဆင့် ဥစားဘဲမျိုး သားပေါက်များ ဖြန့်ဖြူးပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မျိုးမြှင့်ဥစားဘဲမျိုးများကို ဒေသနေ ဘဲမွေးမြူရေးလုပ်ကိုင်သူများ လိုအပ်သည့် ဘဲသားပေါက်ပမာဏ ပြည့်မီစွာရရှိရေး ၊ နိုင်ငံတော်၏ ဘဏ္ဍာငွေ ရင်းနှီးမတည်မှုနှင့် ထုတ်လုပ်မှုစရိတ်ကာမိစေရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဒေသ၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် မိသားစုတိုင်း တစ်နိုင်တစ်ပိုင် မွေးမြူလုပ်ကိုင်သည့် အလေ့အထ ထွန်းကားလာစေရေး အားပေးမြှင့်တင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ မျိုးဘဲဖြန့်ဖြူးရေးခြံ၌ မလေးရှားနှင့် ထိုင်း ဥစားဘဲမျိုး ၃၅၀၀ ကျော် မွေးမြူထားရှိပြီး ၂၀၂၄ မတ်လမှ ယနေ့အထိ မျိုးဘဲဥ ၁ သိန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ဘဲသားပေါက် အမတစ်ကောင်လျှင်ငွေကျပ် (၁၂၀၀) နှုန်း၊ အထီးတစ်ကောင်လျှင် (၇၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ဘဲမွေးမြူလိုသူများအနေဖြင့် အမှာစာများ ပေးပို့မှာကြားနိုင်ကြောင်း သိရသည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာသင်တန်းကျောင်း (ဘုရားကြီး) သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက အရည်အသွေးပြည့်ဝသော စက်မှုလယ်ယာ လုပ်သားကောင်းများအဖြစ် သင်ကြားလေ့ကျင့်မွေးထုတ်ပေးလျက်ရှိသည့် မိတ္ထီလာ၊ ဘုရားကြီး၊ နေပြည်တော် (ရေဆင်း) သင်တန်းကျောင်းများ၏ သင်တန်းအမျိုးအစားများနှင့် ပို့ချပေးလျက်ရှိသည့် ဘာသာရပ်များ၊ ဌာနတွင်း သင်တန်းများ၊ တောင်သူသင်တန်းများနှင့် သင်တန်းဆင်းပြီးနောက် လုပ်ငန်းခွင် လက်တွေ့အသုံးချနိုင်မှု မှတ်တမ်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွက် ဆွေးနွေးမှာကြားကြသည်။
ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း မှ ၂၀၁၁-၂၀၁၂ မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ဖွင့်လှစ်ခဲ့သည့် ဌာနတွင်းသင်တန်း (၁၃) မျိုး၏ သင်တန်း ၆၆၈ ကြိမ်တွင် သင်တန်းသား ၄၄၉၀၁ ဦး၊ တောင်သူသင်တန်း (၆) မျိုးမှ သင်တန်း ၁၀၆၅ ကြိမ်တွင် သင်တန်းသား ၃၆၄၆၈ ဦးကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပြီး တောင်သူသင်တန်းသား ၈၅ရာနှုန်းမှာ လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိကြကြောင်း သိရသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပဲခူးမြို့ ကတွင်းခြံကျေးရွာအုပ်စု မိုးစပါးရေကြီးနစ်မြုပ် တောင်သူများကို သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ ဆီထွက်သီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရတို့က ပံ့ပိုးကူညီသွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားကာ မိုးစပါးရေကြီးနစ်မြုပ် တောင်သူများအတွက် မျိုးစပါးနှင့် ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်