နေပြည်တော် ဒီဇင်ဘာ ၆

 

ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး အခြေခံသော ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ရေးလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် မိုးစပါးနှင့် နွေစပါး အထွက်နှုန်းတိုးရေး၊ မြေဆီလွှာ ကောင်းမွန်ရေးနှင့် ဓါတ်မြေဩဇာ ထိရောက်စွာ သုံးစွဲရေးကြိုးပမ်းလျက်ရှိရာ ရေရှည်တည်တံ့သော မြေအသုံးချမှု နည်းပညာများ ထိထိရောက်ရောက် ဖြန့်ဖြူးပေးရန်နှင့် သစ်စိမ်းမြေဩဇာ အသုံးပြုမှု ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆည်ရေသောက်များတွင် ဖြူးချောင်းတမံ ရေသောက်ဧရိယာကဲ့သို့  မိုးစပါးနှင့် နွေစပါးကြားတွင် ပဲသီးနှံ ထည့်သွင်း၍ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် တောင်သူအတွက် ဝင်ငွေတိုးတက်ရရှိစေရေး ဆောင်ရွက်ရန်နှင့် ဈေးကွက်ရှိပြီး တောင်သူများ စိတ်ဝင်စားသည့် မတ်ပဲ၊ ပဲတီစိမ်း သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ ဒေသ၏ စားသုံးဆီ ဖူလုံရေးအတွက် အခြေအနေပေးသည့်ဒေသများတွင် နေကြာ နှင့် နွေနှမ်း စိုက်ပျိုးရန်၊ လိုအပ်ချက်များကို ဦးစီးဌာနများ အလိုက် ကူညီပေးရန်၊ ဝင်ငွေရ နှစ်ရှည် သီးနှံ သီဟို၊ မြေပြန့်ကော်ဖီ နှင့် ငရုတ်ကောင်း စိုက်ပျိုးရေး၊ ဈေးကွက် အလားအလာကောင်းသည့် ရာသီပင် ပီလောပိနံ စိုက်ပျိုးရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဝန်ကြီးဌာနက မိဘမျိုးနှင့် နည်းပညာများ ကူညီပေးမည့်အခြေအနေများ၊ ပုဂ္ဂလိက မျိုးစေ့ထုတ် လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ် တောင်သူများအတွက် ပံ့ပိုးဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ဝက်၊ နွား၊ ဆိတ်၊ ကြက် မွေးမြူရေး တိုးမြှင့်ရန်၊ တိရစ္ဆာန်အစာမြက်များ စိုက်ပျိုးကျွေးမွေးခြင်း နှင့် နွားစာ ချဉ်ဖတ် ပြုလုပ်သုံးစွဲရေးအတွက် ပညာပေးဆောင်ရွက်ရန်၊ အဆင့်မီသား သတ်ရုံနှင့် အေးခဲသိုလှောင်ရုံ လိုအပ်ချက်များနှင့် တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်နိုင်ရေးအတွက် လယ်ယာထွက် ကုန်အခြေခံ စက်မှုဇုန်များဆောင်ရွက်ရန်၊ ဆည်တမံများနှင့် သဘာဝ ရေပြင်ကျယ်များတွင် လှောင်အိမ်စနစ် စီးပွားဖြစ် ငါးမွေးမြူရေး အောင်မြင်အောင် ဆောက်ရွက်ရန်၊ စစ်တောင်း မြစ်ရေတိုက်စားမှုမှ စိုက်ပျိုးမြေများ ဆုံးရှုံးမှု လျော့ချကာကွယ်နိုင်ရေးအတွက် ဆက်စပ်ဌာန များပူးပေါင်း၍ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် ရန်၊ ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးစီးပွား လုပ်ငန်းများ ဖြစ်စေရေးအတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီမံကိန်းစီမံချက် နှင့်ရန်ပုံငွေ လျာထားမှုများ ဟန်ချက်ညီ ဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ် များကို ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုဌာနခွဲ(ပဲခူး)သို့ ရောက်ရှိကြပြီး တည်ဆောက်ရေးပစ္စည်းများ စမ်းသပ်ခြင်း နှင့် ဆည်တာတမံနှင့် ရေပေးဝေမှု ဒီဇိုင်းများ ရေးဆွဲအကောင်အထည်ဖော်ရာတွင် စကေးကိုက်ပုံစံငယ်များ တည်ဆောက်၍ ပုံစံထုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု၊ သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့မှုများနှင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှုများ၊ သုတေသန လုပ်ငန်းများနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းဆိုင်ရာများကို  ကြည့်ရှုစစ်ဆေးကာ  ခေတ်မီအီလက်ထရောနစ် ဆက်သွယ်ရေး နည်းပညာကို ထိရောက်စွာ အသုံးပြု၍ နိုင်ငံတကာ၏ သုတေသနဖော် ထုတ်တွေ့ရှိချက်များ၊ နောက်ဆုံးပေါ် နည်းပညာများကို တိုးတက်လေ့လာကြရန်လိုအပ်သကဲ့သို့ မိမိရေမြေဒေသနှင့် လိုက်လျောညီထွေပြီး လက်တွေ့အကျိုးများစေမည့် နည်းပညာသစ်များ ဖော်ထုတ်အသုံးပြုနိုင်ရေး ကြိုးပမ်းကြရန်နှင့် လူသားအရင်းအမြစ်များ တိုးပွားရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်