ပဲခူး ၅ မေ
ပဲခူးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပထမ(၄)လပတ်အတွင်း မီးလောင်ကျွမ်းမှု (၁၀၁)ကြိမ်ဖြစ်ပွားခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တိုင်းတပ်ဖွဲ့မှူး ဦးသောင်းထိုက်က ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ယခု ၂၀၁၉ ခုနှစ် ပထမ(၄)လပတ်အတွင်း မီးလောင်ကျွမ်းမှုအနေဖြင့် (၁၀၁)ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ် ပထမ(၄)လပတ်နှင့် နှိုင်းယှဉ်လျှင် ဖြစ်ပွားမှု ပိုမိုများလာကြောင်း၊ ယခင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ပထမ(၄)ပတ်တွင် မီးလောင်မှု အကြိမ် (၆၀) ဖြစ်ပွားခဲ့ပြီး တစ်နှစ်လုံးအနေဖြင့် မီးဖိုမီး (၃၃)ကြိမ်၊ ပေါ့ဆမီး (၄၃)ကြိမ်၊ အလိုအလျောက်မီး (၁)ကြိမ်၊ လျှပ်စစ်မီး (၂၆)ကြိမ်၊ မသမာသူရှို့မီး (၂၄)ကြိမ်၊ တောမီး (၂)ကြိမ် စုစုပေါင်း(၁၂၉)ကြိမ် ဖြစ်ပွားခဲ့ကာ ပျက်စီးဆုံးရုံးမှုအနေဖြင့် အိမ်ခြေအဆောက်အဦ (၁၂၃)လုံး၊ သေဆုံးသူ(၅)ဦး၊ ဒဏ်ရာရသူ(၆)ဦး၊ မီးဘေးသင့်ပြည်သူ (၇၀)ဦး၊ တန်ဖိုးကျပ် ၆၀၈၄၆၅၀ဝ ဆုံးရှုံးခဲ့ကြောင်း ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ နေထိုင်ကြသည့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်တိုင်း မီးသတ်စွမ်းရည်ပြည့်ဝအောင်၊ မီးသတ်သမားကောင်း တစ်ဦးဖြစ်စေရန် အမြဲလေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်းနှင့် ပြည်သူများဘက်ကလည်း မီးလောင်ကျွမ်းမဖြစ်စေရေးအတွက် မီးသတ်တပ်ဖွဲ့ ညွှန်ကြားချက်များကို လိုက်နာကျင့်သုံးပြီး မီးကိုအထူးသတိပြု သုံးစွဲပေးကြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း၌ ယခု ၂၀၁၉ ခုနှစ် ပထမ(၄)လပတ်တွင် မီးဖိုမီး(၁၉)ကြိမ်၊ ပေါ့ဆမီး(၃၄)ကြိမ်၊ အလိုအလျောက်မီး(၂)ကြိမ်၊ လျှပ်စစ်မီး(၂၅)ကြိမ်၊ မသမာသူရှို့မီး(၁၂)ကြိမ်၊ တောမီး(၆)ကြိမ် စုစုပေါင်း(၁၀၁)ကြိမ် ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရုံးမှုအနေဖြင့် အိမ်ခြေအဆောက်အဦ (၉၇)လုံး၊ ဂိုဒေါင်(၁)လုံး၊ သေဆုံးသူ(၃)ဦး၊ တိရစ္ဆာန်(နွား+ကြက်) (၈၂)ကောင်၊ မီးဘေးသင့်ပြည်သူ (၄၁)ဦး၊ တန်ဖိုးကျပ် ၅၅၄၃၃၃၀ဝ ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)