နေပြည်တော်   ဒီဇင်ဘာ   ၁၉

 

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်  မတည် ထောက်ပံ့ငွေဖြင့် ပဲခူးတိုင်းဒေသကြီး၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ကျရာအခန်းကဏ္ဍများက ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း   ဒီဇင်ဘာ ၁၇ ရက်က ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တောင်ငူခရိုင်ရုံးအစည်းအဝေးခန်းမတွင် မွေးမြူရေးတောင်သူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့်  တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြောကြားခဲ့သည်။

 

တွေ့ဆုံပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ  ရဲထွန်းဝင်း  က မွေးမြူရေးတောင်သူများ၊ မွေးမြူသူအစုအဖွဲ့များ လိုက်နာဆောင်ရွက်ရန်အချက်များ၊    ထွက်ရှိလာ သည့် မွေးမြူရေးထုတ်ကုန်များကို ထိုက်သင့်သောဈေးနှုန်းဖြင့်ရောင်းချနိုင်ရေးနှင့် ဈေးကွက် တည်ငြိမ်စေရေးတို့အတွက် ဆက်စပ်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည့်    အစီအစဉ် များကို ရှင်းလင်းပြီး တက်ရောက်လာသည့် မွေးမြူရေးတောင်သူများ၏ မေးမြန်းဆွေးနွေးမှုအပေါ် ဒုတိယဝန်ကြီးနှင့်     ညွှန်ကြားရေးမှူးချုပ်က   ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍    ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် တောင်ငူမြို့ လဲဘူးကျေးရွာအုပ်စု ရွာသစ်ကျေးရွာရှိ နှင်းဆီခိုင် ငုံးမျိုးခြံ၏ ငုံးမျိုးသားဖောက်လုပ်ငန်းကို လည်းကောင်း၊ ရေတာရှည်မြို့နယ် ကျွန်းကုန်း ကျေးရွာရှိ ရွှေဝါအအေးခန်း ဥစားကြက်မွေးမြူရေးခြံ၏ ဥစားကြက်မွေးမြူထားရှိမှုများကို လည်းကောင်း ကြည့်ရှုအားပေးပြီး    ပုဂ္ဂလိကကဏ္ဍ    ထုတ်လုပ်မှုတိုးတက်ရေး၊  သက်ဆိုင်ရာ လုပ်ငန်းများ၏ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ လုပ်ငန်းခွင်ဆောင်ရွက်သူများ  ကူးစက်ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လုပ်ငန်းကျွမ်းကျင်မှုတိုးမြှင့်ရေး၊ အစားအစာထုတ်လုပ်မှု ဆိုင်ရာ စံသတ်မှတ်ချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရေး အလေးထားကြပ်မတ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်