နေပြည်တော်  ၁၇   နိုဝင်ဘာ

 

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင် ခြင်းဆိုင်ရာ ဆရာဖြစ် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်လေးပင်မြို့ သီရိရတနာခန်းမတွင်ကျင်းပသည်။

 

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးဒေါ်နော်ပွယ်ဆေး၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ UNICEF (မြန်မာ)မှ ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများအားလုံး လူ့အခွင့်အရေးကို တရားမျှတစွာ ခံစားစေနိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၅)နှင့် နည်းဥပဒေ (၂၀၁၇) တို့ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော်နိုင်ရန် အမျိုးသားကော်မတီ၊ လုပ်ငန်း ကော်မတီတို့လည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးရမည့်ကဏ္ဍများ သည် ကျယ်ပြန့်ပါသောကြောင့် ဆပ်ကော်မတီ (၉)ခုအထိ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူစာရင်းရရှိရေးသည် အရေးကြီးကြောင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဆိုင်ရာရှေးပြေးစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ညောင်လေးပင်မြို့နယ်၊ ကရင်ပြည်နယ်တွင် ဘားအံမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက်များ အကောင်အထည်ဖော်နေစဉ် ကာလများအတွင်း မသန်စွမ်း အဖွဲ့အစည်းအသီးသီးမှ ကောက်ယူရရှိသည့် စာရင်းများအရ ကနဦးငွေကြေး ထောက်ပံ့ခြင်းကို ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ငွေကြေးထောက်ပံ့ခြင်းထက်စွမ်းနိုင်မှု အဆင့်အလိုက်အခွင့်လမ်းများကို ဖန်တီးပေးရန်ကြိုးပမ်းလျက်ရှိရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၀ − ၂၀၂၅) (မူကြမ်း) ကို ရေးဆွဲလျက်ရှိကြောင်း၊ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေနှင့် အလွယ်တကူ လက်လှမ်းမီရရှိရေးတို့ကို ဦးစားပေး နယ်ပယ်များအဖြစ် ထည့်သွင်းထားပါကြောင်း ပြောကြားသည်။

 

ထို့နောက်ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံ တင်ခြင်း ဆိုင်ရာရှေ့ပြေး စီမံကိန်းအား ညောင်လေးပင်မြို့နယ်ကို ရွေးချယ်ဆောင်ရွက်ပေးသည့် အတွက် ဝမ်းမြောက်ပါကြောင်းနှင့် နည်းပညာပံ့ပိုးကူညီပေးသော UNICEF (မြန်မာ)မှ တာဝန်ရှိသူများ ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ − UNICEF (မြန်မာ)မှ ဒုတိယဌာနေ ကိုယ်စားလှယ်က မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ရှေးပြေးစီမံကိန်း ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယနေ့စတင်ကျင်းပသည့် (၄)ရက်တာသင်ကြားပို့ချမည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းကို သက်ဆိုင်ရာအစိုးရဌာနများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ မသန်စွမ်းအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူငယ်နှင့် လူမှုအဖွဲ့အစည်းအသီးသီးမှ တက်ရောက်သူ ( ၁၄၈ )ဦးရှိကြောင်း သိရသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာသို့ ရောက်ရှိကြပြီး အခြေခံပညာအထက်တန်းကျောင်း၌ ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် (၂)ခန်းတွဲ သန့်စင်ခန်း ဆောက်လုပ်ရန်ထောက်ပံ့ငွေကျပ် (၁၆) သိန်းကို တာဝန်ရှိသူများထံ ပေးအပ်သည်။

 

ယင်းနောက် တောင်ခင်ကျေးရွာသို့ရောက်ရှိကြပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပျက်စီးခဲ့သည့် သူဌေးကုန်း−တောင်ခင်ကျေးရွာချင်းဆက်လမ်းကို ဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်အမှာစကားပြောကြားသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်က နိုင်ငံတော်အစိုးရက ခွင့်ပြု ပေးသည့် ကျေးရွာချင်းဆက်လမ်းအတွက် သတ်မှတ်ခွင့်ပြုငွေနှင့် အညီစံချိန်စံညွှန်းများ ကိုက်ညီအောင် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တောင်ခင်ကျေးရွာအုပ်စု၊ သူဌေးကုန်း − တောင်ခင်ကျေးရွာချင်းဆက်ဂဝံ လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန်အတွက် ကုန်ကျငွေကျပ် (၁၉၄ ဒသမ ၄၇၃) သန်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ (၂၀၀၀) စုံ၊ တုံကန်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါး ပြိုကျခြင်းမှ ကာကွယ်ရန် မြေထိန်းနံရံပြုလုပ်ရန်အတွက် ထောက်ပံ့ငွေကျပ် သိန်း (၁၅၀) တို့ကို ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ဒေသခံအငြိမ်းစား ကျောင်းဆရာကြီးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)