ပဲခူး၊ ၂၇ ဇန်နဝါရီ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ဇန်နဝါရီ ၂၇ ရက်မှ စတင်ဆောင်ရွက်ရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၈၀၀၀ ခန့်ကိုလည်း နံနက် ၉ နာရီမှစတင်၍ ထိုးနှံပေးသည်။

ပဲခူးမြို့ ပြည်သူဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် ဆေးရုံအုပ် ဒေါက်တာသူဇာအောင်တို့ ကိုယ်တိုင်လာရောက် ထိုးနှံမှုခံယူကြပြီး ဆေးရုံကြီး အတွင်း ကာကွယ်ဆေး ထိုးနှံပေးမှု အခြေအနေများကို လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ကာကွယ်ဆေးထိုးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်း  မြို့နယ် ၂၈ မြို့နယ်တွင် သက်ဆိုင်ရာ မြို့နယ်များရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၌ ကျန်းမာရေးဝန်ထမ်း ၈၀၀၀ ခန့်အား ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ကနဦးထိုးနှံပေးမည်ဖြစ်ပြီး ဆက်လက်၍ သတ်မှတ်ထားသည့် ဦးစားပေး အစီအစဉ်အတိုင်း ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ပဲခူးမြို့တွင် ကာကွယ်ဆေး စုရပ်များအနေဖြင့် အထွေထွေရောဂါကုဆေးရုံကြီး ဆေးရုံဝင်းအတွင်းရှိ သံဃာဆေးကုသဆောင်၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနရုံး၊ ပဲခူးမြို့နယ် ဒေသန္တရ ကျန်းမာရေးဌာနနှင့် ဥဿာမြို့သစ်ရှိ ဒေသန္တရ ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုး(ပဲခူး)