ပဲခူး ၁၉ နေပြည်တော်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အင်းကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲဝန်းအတွင်း၌ အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က (၄)ကြိမ်မြောက် ကယားလီဖုစုပေါင်း အဲ့ဒိုပေါ်မီပွဲတော် အခမ်းအနားကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ နိုင်ငံတော်အလံနှင့် ကယားအမျိုးသားအလံအား တက်ရောက်လာသူအားလုံးက အလေးပြုကြပြီး ဆရာဦးစောမြထူးမှ အဖွင့်ဆုတောင်းခြင်းပြုလုပ်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်သိန်းက ယခုကျင်းပသည့် အဲဒိုပေါ်မီပွဲတော်သည် ကယားလူမျိုးများ၏ အလွန်အရေးပါသည့် ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သလို ကယားလူမျိုးများ၏ စီးပွားရေး၊ လူမှုရေးတို့နှင့်လည်း ဆက်စပ်လျက်ရှိကြောင်း၊ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တိုင်းသည် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးထားပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့လူမျိုး၊ မိမိတို့ရိုးရာ၊ မိမိတို့ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ကြသလို တိုင်းပြည်၏ အပြောင်းအလဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် တက်ရောက်လာသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကယားလူမျိုး ကိုယ်စားလှယ်များအားလုံး စိတ်နှလုံးအေးချမ်းပါစေကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးနှင့် လွှတ်တော်ဥက္ကဌ ဦးမောင်ရင်၊ တောင်ငူခရိုင်ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဌ ခူးဂျော့လေနှင့် တောင်ငူခရိုင်ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူတပ်မဟာ(၂)မှ တပ်မဟာမှူးဗိုလ်မှူးချုပ် စောဒဲဖိုးတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ကြပြီး ကယားအမျိုးသားအဲဒိုပေါ်မီ၏ အဓိပ္ပာယ်ဖော်ဆောင်ကို ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးခူးညွန့်ရယ်က ရှင်းလင်းပြောကြားကာ အင်းကျော်ကျေးရွာကိုယ်စားလှယ် ဦးစိုးမြင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ကယားလီဖုစုပေါင်း အဲ့ဒိုပေါ်မီပွဲတော် ကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်(၁၀)သိန်းနှင့် ကယားပြည်နယ်မှ တက်ရောက်လာကြသည့် တိုင်းရင်းများခရီးစရိတ်အတွက် အလှူငွေကျပ်(၅)သိန်း၊ အခမ်းအနားသို့ ကြွရောက်လာသည့် ဆရာတော်(၅)ပါးအတွက် အလှူငွေ(၁၅၀ဝဝဝ)ကျပ်၊ စုစုပေါင်းငွေကျပ်(၁၆၅၀ဝဝဝ)ကျပ် အားပေးအပ်လှူဒါန်းရာ ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါပွဲတော်အား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ထိန်းသိမ်းမြှင့်တင်ရန်နှင့် ကယားအမျိုးသားများအကြား အတူတကွ ပူပေါင်းဆောင်ရွက်နိုင်ရန်၊ ရပ်ဝန်းတစ်ခု စုပေါင်းဖန်တီးနိုင်ရန်၊ အမျိုးသားရေးနှင့် ယဉ်ကျေးမှု အမှတ်လက္ခဏာများ ပြန်လည်ဖော်ထုတ်ရန်၊ ကယားအမျိုးသားတို့၏ ရပ်တည်ချက်ဆိုင်ရာ ဘုံသဘောတူညီမှုများ ချမှတ်နိုင်ရေး အစပျိုးခြင်းလုပ်ငန်းများ လုပ်ဆောင်သွားရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပအိုဝ့်တိုင်းရင်းသားများ၊ ကယားတိုင်းရင်းသားများ စုပေါင်း၍ အောက်တိုဘာ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


