ပဲခူး ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်(၂၃) ရက်နေ့ နံနက်ပိုင်းက လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးဆွေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် အတူ ရေတာရှည်မြို့နယ် ညောင်ပင်ကိုင်း- ပိတောက်ခင်-ရွာသစ်လမ်း (၁/၄)မိုင်ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့အား တိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူက ညောင်ပင်ကိုင်း- ပိတောက်ခင်-ရွာသစ်လမ်း အား ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်နေဆဲအခြေအနေနှင့် ကျန်ရှိလမ်းပိုင်းအား ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက လမ်းညွှန်မှာကြားခဲ့ပြီး စက်ယန္တရားများဖြင့် ကွန်ကရစ်ခင်းခြင်းဆောင်ရွက်မှုအား ကြည့်ရှုခဲ့သည်။
အဆိုပါ ညောင်ပင်ကိုင်း- ပိတောက်ခင်-ရွာသစ်လမ်းသည် လမ်းဦးစီးဌာနပိုင် ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတို့ကို ချိတ်ဆက်ထားသော Class A အဆင့်အမျိုးအစားဖြစ်ပြီး ရေတာရှညိမြို့မနှင့်(၀/၄)မိုင်အကွာတွင်တည်ရှိကာ စုစုပေါင်းလမ်းအရှည် (၄/၀)မိုင်ရှိကြောင်းသိရသည်။
၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ (၂၇၉)သန်းဖြင့် ရေတာရှည်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှု Ko Yan Naing Logistics Co.,Ltdမှတာဝန်ယူကာ ကွန်ကရစ်လမ်းခင်းခြင်း(၁/၄)မိုင် အဆင့်မြှင့်တင်ဆောင်ရွက်လျှက်ရှိပြီး ကျန်လမ်းပိုင်း(၂/၄)မိုင်အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်ရန် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ၌ လျာထားဆောင်ရွက်ထားကြောင်းသိရသည်။
အဆိုပါ ညောင်ပင်ကိုင်း- ပိတောက်ခင်-ရွာသစ်လမ်းသည် ရေတာရှည်မြို့နယ်အတွင်းရှိ ပိတောက်ခင်ကျေးရွာအုပ်စု၊ ခင်တန်ကြီးကျေးရွာအုပ်စု၊ ဇလုပ်ကြီးကျေးရွာအုပ်စုရှိ ကျေးရွာများ အဓိကအားထားဆက်သွယ်အသုံးပြုနေရသော ကုန်ထုတ်လမ်းမကြီးဖြစ်သည့်အပြင် ညောင်ပင်ကိုင်း၊ ပိတောက်ခင်၊ တောင်နီကုန်း၊ သဲကော၊ သပြေကုန်း၊ ကြို့ပင်သာ၊ ဘိုးရှမ်းကုန်း၊ ချောင်းခွ၊ ရွာသစ် စသည့်ကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၈၈၁)၊ လူဦးရေ(၃၃၇၆)ဦးကျော်တို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဆက်သွယ်သွားလာရေးကဏ္ဍများတွင် တိုက်ရိုက်အကျိုးပြုပေးလျှက်ရှိသော ကျေးရွာချင်းဆက်လမ်းမကြီးဖြစ်ကြောင်းသတင်းရရှိသည်။
တင်စိုး(ပဲခူး)


