ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူ သင်တန်း ဖွင့်ပွဲကျင်းပ

ပဲခူး ဒီဇင်ဘာ ၆

      

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်း ခန်းမတွင် ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အထူး) တောင်သူသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။ 

     

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ စက်မှုလယ်ယာသင်တန်းကျောင်း (ဘုရားကြီး)ရှိ လယ်ယာသုံး စက်ကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

    

အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၁)အား ဒီဇင်ဘာလ(၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး (အရှေ့)မှ သင်းတန်းသား(၂၀)ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)မှ (၁၂) ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ (၇)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၂)ဦး၊ ရခိုင်ပြည်နယ်မှ (၁)ဦး၊ စုစုပေါင်း သင်တန်းသား(၄၂)ဦးတို့အား လက်သုံးကိရိယာ၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ထွန်စက်ကြီး၊ Engine System, Clutch & Transmission, Front Axle, Steering& Drive Line, Rear Wheel Drive & Brake System, PTO & Hydraulic, Electrical System, Driving Method, Maintenance & Repair ထွန်ယက်ကိရိယာများ၏ အခြေခံ သဘောတရားနှင့် ထွန်းယက်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေး သွားမည် ဖြစ်ကြောင်း သိရသည်။

    

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးမြို့ နေရပ်ပြန်များလက်ခံရေး စခန်းသို့ သွားရောက်၍ လုပ်အားပေးတာဝန်ထမ်းဆောင်နေကြသည့် ပရဟိတအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး  လိုအပ်သည်များ ဖြည့်ဆည်းပေးရန် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပြီး နေရပ်ပြန်များ လက်ခံရေးစခန်း ပြောင်းရွေ့ဖွင့်လှစ်မည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန(ဘုရားကြီး) ဘဲမွေးမြူရေးစခန်းဝန်းအတွင်းရှိ အဆောက်အဦနေရာများအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

 

တင်စိုး(ပဲခူး)