တောင်ငူ ဒီဇင်ဘာ ၂၁

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်မြို့ ခေတ္တရာခန်းမသို့ သွားရောက်၍ အများပြည်သူ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်နိုင်ရန်  ပြုပြင်မွမ်းမံနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး လူငယ်များ အားကစားပြုလုပ်နိုင်ရန် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ်(၅)သိန်းအား ပေးအပ်ခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ခုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံးဝန်းအတွင်း တိုင်းဒေသကြီးအစိုးရမှ ထပ်မံ၍ တပ်ဆင်ပေးထားသည့် Oxygen Plant အားကြည့်ရှုပြီး အောက်ဆီဂျင်လိုအပ်ချက် မရှိစေရေးနှင့် စက်များကြံခိုင်ရေးအတွက် အမြဲမပြတ် ပြင်ဆင်ထိန်းသိမ်းသွားရန်မှာကြားကာ ပြည်မြို့နယ် ရန်ကုန်-ပြည်-မကွေး ကားလမ်းပေါ်ရှိ တီတွတ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးနှင့် လုံခြုံရေးဂိတ်သို့ သွားရောက်ကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု လျော့နည်းကျဆင်းရေးအား ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုးစစ်ဆေးခြင်းများ အရှိန်အဟုန်မပြတ် ဆက်လက်စစ်ဆေး ဆောင်ရွက်သွားကြရန်နှင့် လုံခြုံရေးစနစ်တကျ စစ်ဆေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ တောင်ငူပညာရေးဒီဂရီ ကောလိပ်သို့ သွားရောက်ပြီး ပညာရေးဒီဂရီကောလိပ်သို့ တက်ရောက်မည့် သင်တန်းသား/ သင်တန်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုနှင့် စာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သင်တန်းသား/ သင်တန်းသူများ သောက်သုံးရေ လုံလောက်စွာ ရရှိရေးတင်ပြမှုအပေါ် တာဝန်ရှိသူများအား ဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး ပညာရေးဒီဂရီကောလိပ်သို့ တက်ရောက်နေသည့် သင်တန်းသား/ သင်တန်းသူများအတွက် ဆန်(၁၀၀) အိတ်၊ ဆီ(၃၀)ပိဿာနှင့် ပဲ(၆၀) ပိဿာအတွက် တန်ဖိုးငွေကျပ် ၃၅၃၀၀၀၀ နှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးခဲ့ကာ သင်တန်းသား/ သင်တန်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူတက္ကသိုလ်သို့ သွားရောက်ခဲ့ကာ ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ် ဆရာ/ဆရာမများနှင့်တွေ့ဆုံ အမှာစကားပြောကြားခဲ့ပြီး ကျောင်းဖွင့်အမီ သန့်ရှင်းသပ်ရပ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်နှင့် လိုအပ်သော စက်ယန္တရားများ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးနောက် နေရောင်ခြည်စွမ်းအင်သုံး Solar Pump စနစ်ဖြင့် သောက်သုံးရေရရှိရေး၊ နည်းပြ၊ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ကျောင်းသား/ ကျောင်းသူများအတွက် အားကစားပစ္စည်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံပေးသည့် တပ်မတော်ဆေးတပ်အဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့ သူနာပြုသင်တန်းကျောင်းသို့ သွားရောက်ရာ ကျောင်းအုပ်ဆရာမကြီးမှ တင်ပြလာမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စာသင်ခန်းများ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆရာမများနှင့် သင်တန်းသူများအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းအား ပေးအပ်ကာ သင်ထောက်ကူပစ္စည်းခန်းမနှင့် ကွန်ပျူတာအခန်းတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)