ပြည် နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာ ၁၂ ရက်က ပြည်မြို့ရှိ ပညာရေးဒီဂရီကောလိပ်နှင့် ပြည်တက္ကသိုလ်တို့သို့ သွားရောက်၍ ပညာရေးဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ပညာရေး ဒီဂရီကောလိပ်၊ ခေတ္တရာခန်းမသို့ သွားရောက်၍ မွမ်းမံသင်တန်း တက်ရောက်နေသည့် အခြေခံပညာ ဆရာ ဆရာမများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး သင်တန်းတက်ရောက်နေသည့် အခြေခံပညာ ဆရာ ဆရာမ ၁၀၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၁၄၀၀၀၀၊ သဘက်အကြီး ၁၀၇ ထည်၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် ပညာရေးဒီဂရီကောလိပ်အတွက် သီးခြားထောက်ပံ့ငွေကျပ် ၁၀ သိန်းတို့ကို ထောက်ပံ့ ပေးအပ်ပြီး ခေတ္တရာခန်းမ ဥပဓိရုပ် ကောင်းမွန်စေရေး ပြင်ဆင်ဆောင်ရွက်နိုင်ရန် ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ သွားရောက်ပြီး သရုပ်ပြ၊ နည်းပြ ဆရာ ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးချုပ်က မွန်းမံသင်တန်း တက်ရောက်နေသည့် သရုပ်ပြ၊ နည်းပြ ဆရာ ဆရာမ ၁၁၉ ဦးအတွက် ထောက်ပံ့ငွေကျပ် ၂၃၈၀၀၀၀၊ သဘက်အကြီး ၁၁၉ ထည်၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ပြည်တက္ကသိုလ်အတွက် သီးခြားထောက်ပံ့ငွေကျပ် ၁၀ သိန်းတို့အား ထောက်ပံ့ပေးအပ်ပြီး ကျောင်းဝင်းအတွင်း ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေထုတ်မြောင်းများ ကောင်းမွန်းစေရန် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသူ ၁၉၂ ဦးဆံ့ ရတနာဆောင် တည်ဆောက်ပြီးစီးမှုနှင့် လေးခန်းတွဲ လေးထပ် ဆရာ ဆရာမ အိမ်ရာ တည်ဆောက် နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
တင်စိုး(ပဲခူး)


