ပဲခူး၊ ၃ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီခွဲက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သာ၊ ထုံးဘို၊ ကျေးအင်းကျေးရွာနှင့် ရေတာရှည်မြို့နယ်မှ ဆင်ဂွေကျေးရွာ၏ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စု၊ တောင်သာကျေးရွာ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ တက်ရောက်ကာ အမှာစကားပြောကြားပြီး ကျေးရွာလျှပ်စစ်မီးလင်းရေးအတွက် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခ၊ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏနှင့် တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့က ထရန်စဖော်မာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

ထို့နောက် ကရင်ချောင်းကျေးရွာအုပ်စုအတွင်းမှ ထုံးဘိုကျေးရွာ၊ ကျေးအင်းကျေးရွာနှင့် ရေတာရှည်မြို့နယ်အတွင်းမှ ဆင်ဂွေကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာမီးလင်းရေးအတွက် ထရန်စဖော်မာအား အသီးသီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 

တောင်ငူမြို့နယ် ကရင်ချောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်သာ၊ ထုံးဘို၊ ကျေးအင်းကျေးရွာများတွင် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ကျေးရွာတစ်ရွာချင်းအလိုက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ၁၁ ကေဗွီဓာတ်အားလိုင်း၊ ၁၁/၀ ဒသမ ၄ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာနှင့် ကျေးရွာနေပြည်သူများ ထည့်ဝင်ငွေတို့ စုပေါင်း၍ ၄၀၀ ဗို့ဓာတ်အားလိုင်းအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

တောင်ငူမြို့နယ်တွင် ကျေးရွာပေါင်း (၂၆၅)ရွာရှိရာ (၁၇၂)ရွာ မီးလင်းပြီးဖြစ်ပြီး အဆိုပါကျေးရွာများတွင် NEP (၂)မိုင်တွင်း ကျေးရွာ (၉၇) ရွာ၊  တိုင်းဒေသကြီးရန်ပုံငွေဖြင့် မီးလင်းရေးဆောင်ရွက်သည့်ရွာ (၄၂)ရွာ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် (၉)ရွာ၊  ကိုယ်ထူကိုယ်ထကျေးရွာ (၂၄)ရွာ၊ စုစုပေါင်းကျေးရွာ (၁၇၃)ရွာအား မီးလင်းရေးဆောင်ရွက်နိုင်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် NEP (၃)မိုင်တွင်း ကျေးရွာ (၂၃)ရွာ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် (၆)ရွာ စုစုပေါင်း ကျေးရွာ (၂၉)ရွာ မီးလင်းရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ် ဆွာမင်းလမ်းကျေးရွာအုပ်စု၊ ကညင်အိုင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဆွာသောင်ကြီးကျေးရွာမှ ပြောင်ရွှေ့နေအိမ် (၅၀)လုံးအတွက် ထောက်ပံ့ငွေကျပ် သိန်း(၅၀)နှင့် ဆွေသာယာကျေးရွာ လျှပ်စစ်မီးလင်းရေးအတွက် ထောက်ပံ့ငွေကျပ် သိန်း(၅၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)