ဖေဖော်ဝါရီ ၂၇ ပဲခူး

 

ပဲခူးတိုင်းဒေသကြီးတွင်  Bago Region Investment Fair 2020 ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌  ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဌာန ဆိုင်ရာနှင့် ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များ ဟန်ချက်ညီညီ ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ကုန်းလမ်းဆုံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ပင်လယ်ထွက်ပေါက်များနှင့်လည်း အချိန်တိုအတွင်း ချိတ်ဆက်သွားလာနိုင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးထက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် အခွန်ကင်းလွတ်ခွင့် (၂) နှစ်ရှိနေပြီး မိမိတို့တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာကောင်းများကို ဖော်ထုတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     

ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးကိုကိုလတ်က Bago Region Investment Fair 2020 ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိမှုကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဝဏ္ဏအောင်က Bago Region Investment Fair 2020 ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ မြန်မာဆာဗေး သုတေသန ကုမ္ပဏီမှ ဦးဉာဏစိုးမှ Bago Region Investment Fair 2020 ကျင်းပသွားမည့် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျင်းပပြုလုပ်ခဲ့သည့် Investment Fair အတွေ့အကြုံများကိုလည်းကောင်း Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးခဲ့ကြကြောင်း သိရှိရသည်။

   

အဆိုပါ Bago Region Investment Fair 2020 သည် ပဲခူးတိုင်းဒေသကြီးအတွင်း မဖော်ထုတ်ရသေးသည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း၊ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ကြား၍ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံနိုင်မည့် အချက်အလက်များကိုလည်းကောင်း၊ လုပ်ငန်းတူ စီးပွားရေး လုပ်ငန်းရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုလည်းကောင်း ရှင်းလင်းပြသခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်မည့် စီးပွားရေးဆိုင်ရာ အလာအလားကောင်းများ သိရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာကာ တိုင်းပြည်ဝင်ငွေ တိုးတက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

0244745