ပဲခူး ၅ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခွဲက ပဲခူးမြို့ ၁၀ မိုင်ကုန်းရှိ Shwe Pyi Resort ၌ ကျင်းပသည့် ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး၊ ပွဲတော်ကျင်းပရေး နာယက၊ KMA Foundation နာယက၊ CB Bank ဥက္ကဌ ဦးခင်မောင်အေးက ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအား အဋ္ဌမအကြိမ်မြောက် ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး ယင်းပြိုင်ပွဲတွင် ၂၀ဝ၈ ခုနှစ်၊ သြဂုတ်လအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းကြောင့် ပြိုလဲ၊ ပျက်စီးခဲ့သည့် သစ်ပင်ကြီးများအား အဖိုးတန် ပန်းပုရုပ်တုအဖြစ် ထုလုပ်ပြီး ကမ္ဘာ့အကြီးဆုံးနှင့် အများဆုံး ပန်းပုရုပ်ထုများ တစ်နေရာတည်း စုစည်းထားရှိမှုကို သိရှိစေရန် ၊ မြန်မာ့ပန်းပု ပညာရပ်နှင့် ပန်းပုပညာရှင်များ ဖော်ထုတ်ရန်နှင့် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။

ပဲခူးမြို့၊ (၁၀)မိုင်ကုန်း၊ Shwe Pyi Resort ၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့အကြီးဆုံး သစ်သားပန်းပုပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားတွင် စိတ်ကြိုက်နှင့် မော်ဒန်ဟူ၍ ပြိုင်ပွဲ အမျိုးအစား နှစ်မျိုးပါရှိပြီး မော်ဒန်ပြိုင်ပွဲ အမျိုးအစားတွင် ပထမဆုကို တွဲလက်များရုပ်တုခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်သည့် ဦးဝေလင်းနိုင် (ပဲခူး)မှလည်းကောင်း၊ ဒုတိယဆုကို ကိုယ်ချင်းစာနာမှသိ ရုပ်တုခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်သည့် ဦးမျိုးမြင့်အောင်(မြောက်ဥက္ကလာ/ရွှေပေါက်ကံ)မှ လည်းကောင်း၊ တတိယဆုကို ဆန်းစစ်လေ့လာ လူ့အသိပညာရုပ်တု ခေါင်းစဉ်ဖြင့် ဦးဇေယျာဟိန်း(ပဲခူး)မှ လည်းကောင်းရရှိကြပြီး စိတ်ကြိုက်အမျိုးအစား ပြိုင်ပွဲတွင် ပထမဆုကို အမွေအနှစ်ခေါင်းစဉ်ဖြင့် ဦးပြည့်စုံအောင် (ဒါးပိန်)မှ လည်းကောင်း၊ ဒုတိယဆုကို ရွှေလရောင်မှာချည်ငင်တန်းပါလို့ခေါင်းစဉ်ဖြင့် ဦးကျော်စွာ (ဒါးပိန်)မှ လည်းကောင်း၊ တတိယဆုကို နွေးထွေးမှုဓာတ်ပေးဆပ်တူညီ သဘာဝနှင့် လှနေသည် ရုပ်တုခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်သည့် ဦးအောင်ဇေယျာအောင်(ဒါးပိန်)မှ လည်းကောင်း ဆုများ အသီးသီးရရှိကြသည်။
ဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးခင်မောင်၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ပွဲတော်ကျင်းအရေးနာယက၊ KMA Foundation နာယက၊ CB Bank ဥက္ကဌ ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ မော်ဒန်ပြိုင်ပွဲအမျိုးအစားတွင် ပထမဆုရရှိသူအား ဆုငွေကျပ် (၇၅)သိန်းနှင့် ရွှေ ၅ မူးသား ဆွဲပြားတစ်ခု၊ ဒုတိယရရှိသူအား ငွေကျပ်သိန်း(၅၀)နှင့် ၅မူးသားရွှေဆွဲပြားတစ်ခု၊ တတိယရရှိသူအား ငွေကျပ်သိန်း(၃၀)နှင့်၅မူးသားရွှေဆွဲပြားတစ်ခု ချီးမြှင့်ပြီး စိတ်ကြိုက်ပြိုင်ပွဲ အမျိုးအစားတွင် ပထမရရှိသူအား ငွေကျပ်သိန်း(၁၀ဝ)နှင့်၅မူးသားရွှေဆွဲပြားတစ်ခု၊ ဒုတိယရရှိသူအား ငွေကျပ်(၇၅)သိန်းနှင့် ၅မူးသားရွှေဆွဲပြားတစ်ခု၊ တတိယရရှိသူအား ငွေကျပ်သိန်း(၅၀)နှင့် ၅ မူးသားရွှေဆွဲပြားတစ်ခုတို့ ပေးအပ်ချီးမြှင့်ကြကြောင်းသိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ စာရင်းစစ်ချုပ်နှင့် ဌာနဆိုင်ရာများ၊ ပွဲတော်ကျင်းအရေးနာယက၊ KMA Foundation နာယက၊ CB Bank ဥက္ကဌ ဦးခင်မောင်အေးနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)