ပဲခူး၊ ၁၁ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပြုလုပ်သည့် ပဲခူးမြို့နယ် စည်ပင်သာယာရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့သည် တိုင်းဒေသကြီး မြို့တော်တစ်ခုဖြစ်ပြီး စံပြမြို့တော်တစ်ခု ဖြစ်စေရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ပဲခူးမြို့သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိခြင်း၊ ကုန်းလမ်း လမ်းဆုံမြို့တစ်ခုဖြစ်ခြင်းနှင့် စက်ရုံ/အလုပ်ရုံ ရင်းနှီးမြှုပ်နှံမှုများ များပြားလာခြင်းတို့ကြောင့် လူဦးရေ တိုးပွာမှုများ အချိန်တိုအတွင်း ဖြစ်ပေါ်လာနိုင်သည့်အပြင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး ဖြစ်ပေါ်လာ ပါက ထပ်မံ၍လူဦးရေတိုးပွားလာနိုင်ကြောင်း၊ မြို့ပြတစ်ခုတွင် လိုအပ်သည့် အိမ်ရာ၊ ရေသန့်စနစ်၊ အမှိုက် သိမ်းဆည်းခြင်းနှင့် စျေးများလည်း လိုအပ်လာနိုင်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နောင်အနာဂတ်ကို မျှော်မှန်း၍ နှစ်အလိုက် ဘတ်ဂျက်ရေးဆွဲထားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ပဲခူးမြို့အား Clean City မှ Green City သို့ ပြောင်းလဲသွားနိုင်ရေး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ပဲခူးစျေးကြီးအတွင်းရှိ ကုန်စိမ်းစျေးအား ပြန်လည်အဆင့်မြှင့်တင် ဆောင်ရွက်ပေးရမည့် အခြေအနေနှင့် အမှိုက်ပစ်ရန်နေရာ ရှာဖွေတင်ပြထားသည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ဖဲဖောင်တော်ကွင်းအတွင်းရှိ အမှိုက်များအား ရှင်းလင်းဆောင်ရွက်မည့် အခြေအနေနှင့် မြို့ဦးကင်းစျေးသစ်ကြီးအတွက် နှစ်အလိုက် ဘတ်ဂျက် လျာထားဆောင်ရွက်သွားမည့်အခြေအနေကိုလည်းကောင်း၊ တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ် များက ပြည်သူများအတွက် အဓိကလိုအပ်သည့် ကုန်စိမ်းစျေး အဆင့်မြှင့်တင်ပေးရေးနှင့် အမှိုက်စွန့်ပစ်ရန်နေရာ ရှာဖွေထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးမြို့မစျေးအတွင်းရှိ ကုန်စိမ်းစျေး အဆင့်မြှင့်နိုင်ရေး ဆောင်ရွက်မှုအပေါ် သဘောတူညီမှုရှိကြောင်းနှင့် အမှိုက်စွန့်ပစ်မည့်နေရာအတွက် အနာဂတ် တိုးပွားလာသည့် လူဦးရေနှင့်ချိန်ဆ၍ မြေနေရာအား ရွေးချယ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ပဲခူးမြို့နယ် စည်ပင်သာယာကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တင်စိုး(ပဲခူး)


