ရေတာရှည် ၁၅ မေ
ရေတာရှည်မြို့နယ်အတွင်း မေ ၁၄ ရက် မွန်းလွဲ ၂ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၊ ယိုင်နဲ့နေအိမ်များသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာ၊ ဇီးအုပ် ကျေးရွာသို့ရောက်ရှိခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် နေအိမ်များအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ပြီး ပျက်စီးသွားသည့် နေအိမ်များစာရင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး စသည်တို့အား အမြန်ဆုံး စာရင်းပြုစုတင်ပြရန်နှင့် အမြန်ဆုံးပြန်လည်ပြုပြင် ထောက်ပံ့နိုင်ရေး ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးအား လမ်းညွှန်မှာကြား ခဲ့သည်။

ရေတာရှည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ခင်တန်းကြီးကျေးရွာ၊ ဇီးအုပ် ကျေးရွာ၊ တောင်နီကုန်းကျေးရွာများနှင့်အတူ ကျေးရွာအုပ်စု(၅)အုပ်စုခန့်တွင် နေအိမ်များ၊ စာသင်ကျောင်းများ အမိုးလန်ခြင်း၊ ယိုင်နဲ့ခြင်း စသည်တို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ကနဦးသတင်းအရ သိရှိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့ပေါ် ရပ်ကွက်များအတွင်း မြို့နယ်စည်ပင်သာယာရေးဦးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မြို့တွင်း လမ်း/တံတားများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးရာသီတွင် ရေကြီးရေလျှံမှုမဖြစ်စေရေး၊ ရေမြောင်းပိတ်ဆို့မှုမဖြစ်စေရေး၊ သတ်မှတ်စံချိန်စံညွှန်အတိုင်း ဆောက်လုပ်ရန်၊ အချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)
