ပဲခူး ၂၃ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ဇန်နဝါရီ ၂၃ ရက် နံနက် ၈ နာရီခွဲက ပဲခူးမြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအတွင်း လူထုဗဟိုပြုစီမံကိန်း တိုးချဲ့ ရွေးချယ်ခြင်း၊ အကြံဉာဏ်ရယူခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

 

523

 

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်းကို မိမိတို့ ပဲခူးတိုင်းဒေသကြီး အတွင်းမှာ ရှိသည့် မြို့နယ်များအနက်မှ မြို့နယ်(၁)မြို့နယ်ကို ထပ်မံရွေးချယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သတ္တမနှစ်စက်ဝန်းမှာ လုပ်ငန်းအကောင်အထည် ဖော်နိုင်ဖို့အတွက် အကြံဉာဏ်ရယူ ဆွေးနွေးကြမည့် အစည်းအဝေးဖြစ်ကြောင်း၊ မိမိတို့တိုင်းပြည်အတွင်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနေသည့် ကာလတွင် ကျေးလက်နေပြည်သူများ၏ လူမှုဘဝများလည်း တိုးတက်ဖွံ့ဖြိုးပြီး ဆင်းရဲမှုမှ လွတ်မြောက်လာမှ အနာဂတ်ကာလတွင် မြို့ပြ၊ ကျေးလက်ဖွံ့ဖြိုးမှု ညီမျှသည့် တိုင်းဒေသကြီးအဖြစ် ရောက်ရှိလာမှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းမှ လာရောက် ထောက်ပံ့ကူညီ ဆောင်ရွက်ပေးသည့် ယခုလိုအခွင့်အလမ်းမျိုးကို အကျိုးရှိရှိ အသုံးချသည့်အနေဖြင့် ယခုအစည်းအဝေးတွင် ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်အတွင်းက ကျေးရွာများ ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းအကြုံပြု ဆွေးနွေးပေးကြစေလိုကြောင်း၊ ရွေးချယ်ခံရပြီး မြို့နယ်အတွင်းရှိ ကျေးရွာများ အားလုံးတွင် လုပ်ငန်းများအကောင်အထည်ဖော်ပါက လိုအပ်သည်များ ဝိုင်းဝန်းပံ့ပိုးကူညီပြီး စီမံကိန်း အောင်မြင်အောင် ဆောင်ရွက်ပေးကြရန်လည်းလိုကြောင်း၊ ကျေးရွာများ ဖွံ့ဖြိုးရေးမှသည် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးအဖြစ် အကောင်အထည်ဖော်ရန် ရည်မှန်းချက်ထား ဝိုင်းဝန်းအားထုတ်ပေးကြရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့မှလည်း လိုအပ်သည့် လုပ်ငန်းစဉ်များအားလုံး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် မိမိတို့ ပဲခူးတိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်မှ NCDDP စီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က မိတ်ဆက်စကားကို လည်းကောင်း ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ လူထုဗဟိုပြု စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တက်ရောက် လာကြသူများက သိရှိလိုသည်များ မေးမြန်းကြပြီး အုပ်စုငယ်များခွဲ၍ သတ်မှတ်ချက်များအတိုင်း စီမံကိန်း မြို့နယ်အား ရွေးချယ်ပေးကြကြောင်း သိရသည်။

 

52632222222

 

မြန်မာနိုင်ငံတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစတင်ပြီး ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေ၊ ချေးငွေ၊ အီတလီအစိုးရမှ အတိုးမဲ့ နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ငွေများဖြင့် လူထုဗဟိုပြု စီမံကိန်းကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း (၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် မိုးညို၊ ကျောက်ကြီး၊ ပန်းတောင်း၊ ရွှေကျင်၊ သဲကုန်း စသည့်မြို့နယ် (၅)မြို့နယ်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

 

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံအတွင်း မြို့နယ်(၁၃)မြို့နယ်ကို ထပ်မံတိုးချဲ့ ရွေးချယ် ဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီးမှ မြို့နယ်(၁)မြို့နယ် ပါဝင်မည်ဖြစ်သည်။ ပဲခူးတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ လူထုဗဟိုပြုစီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြို့နယ်(၅)မြို့နယ်မှ ကျေးရွာအုပ်စု (၁၄၈)အုပ်စု၊ ကျေးရွာပေါင်း (၇၅၆)ရွာတွင် စီမံကိန်းကာလ (၅)နှစ်တာကလအတွင်း လမ်း (၁၂၈၁)လမ်း၊ တံတား (၁၂၂)စင်း၊ ရေပေးဝေရေး (၁၃၀)ခု၊ မီးလင်းရေး (၁၄၈)ခု၊ ပညာရေး အဆောက်အဦ (၁၆၅)ခု၊ ကျန်းမာရေးအဆောက်အဦ (၂)ခု၊ ခန်းမ (၅၅)ခု၊ အခြားလုပ်ငန်း (၂၂)ခု၊ စုစုပေါင်းလုပ်ငန်း (၁၉၀၉)ခုအား ရန်ပုံငွေကျပ်သန်း (၂၀၄၀၇)ဖြင့် အောင်မြင်စွာ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် လက်ရှိဆောင်ရွက်နေသော စီမံကိန်းမြို့နယ် (၅)မြို့နယ်မှအပ အခြားမြို့နယ်တစ်မြို့နယ်အား ထပ်မံတိုးချဲ့ အကောင်အထည်ဖော် ရွေးချယ်ခြင်းဖြစ်ပြီး ရွေးချယ်ခြင်း ခံရသည့် မြို့နယ်အတွင်းရှိသည့် ကျေးရွာများအားလုံးသည် သတ်မှတ်ထားသည့် ငွေပမာဏနှင့် ကိုက်ညီသည့် ကျေးလက်ဖွံ့ဖြိုးရန် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ တံတား၊ ရေရရှိရေး၊ မီးရရှိရေး၊ ကျေးလက်အိမ်ရာများ၊ စာသင်ကျောင်း၊ ကျေးလက်ကျန်းမာရေးဌာန စသည့်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကမ္ဘာ့ဘဏ်၏ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စည်ပင်သာယာကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ NGO/INGO အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)