နေပြည်တော် ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသား တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ ရွှေမော်ဓော ဘုရားလမ်းရှိ ဟင်္သာတင်းနစ် အားကစားကွင်း၌ ကျင်းပသည်။ 

ဦးစွာ အမျိုးသားအသင်းလိုက် ဗိုလ်လုပွဲစဉ်အဖြစ် ဒိုက်ဦးကလပ် (A) အသင်းနှင့် ဟင်္သာကလပ် (A) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊  တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တင်းနစ်အားကစား ဝါသနာရှင်များနှင့် တာဝန်ရှိသူများ ကြည့်ရှု့အားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့က အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ပူးတွဲတတိယဆု ရရှိသော ဟင်္သာကလပ် (B) အသင်းနှင့် ဒိုက်ဦးကလပ် (B) အသင်းကို  တစ်ဦးချင်းဆုတံဆိပ် နှင့် ငွေသားဆု (၃) သိန်းကျပ်စီကို လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ဟင်္သာကလပ် (A) အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု (၅) သိန်းကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က ပထမဆုရရှိသော ဒိုက်ဦးကလပ် (A) အသင်း ကို တစ်ဦးချင်းဆုတံဆိပ်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသားအသင်းလိုက် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ဒိုက်ဦး ကလပ် (A) အသင်းကို  တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု (၇) သိန်း ကျပ်ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ 

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပရာ ပြိုင်ပွဲဝင်တင်းနစ် ကလပ် အသင်း ခြောက်သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

သတင်းစဉ်