ပြည် အောက်တိုဘာ ၆

 

ပဲခူးတိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်း - သပြေတောင်လမ်း အရှည် (၂) မိုင်  ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊  ပြည်မြို့နယ် ဂွေးပင်ကုန်းကျေးရွာ အဝင်တံတား တည်ဆောက်နေမှုနှင့်  တွင်းနက်စက်ရေတွင်းမှ ဆိုလာစနစ်ဖြင့်သောက်သုံးရေ တင်နေမှုကိုလည်းကောင်း၊  ပြည်မြို့ နည်းပညာတက္ကသိုလ်ဝန်းအတွင်း ရေဝင်ရောက်မှု၊ အင်တာနက်ရရှိနိုင်ရေးနှင့် လုံခြုံရေးကင်မရာ တပ်ဆင်ပေးနိုင်ရေးနှင့် ပြည်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ပေးထားသည့်  Liquid Oxygen Station လည်ပတ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ် ဇီးအုပ်စခန်းနယ်မြေ RS၊ CS မျိုးစေ့ထုတ်စိုက်ခင်း (၅၀) ဧကကိုကြည့်ရှုပြီး ဒေသခံ တောင်သူများအား အာမိုဓါတ်မြေသြဇာ အိတ် (၅၀) ကို ထောက်ပံ့ပေးအပ်ခြင်း၊ ဇီးအုပ်တောင်သူ ပညာပေးစခန်း၌ ဆောင်းသီနှံ သီးညှပ်စိုက် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ စခန်းနယ်မြေ (၅) ခုရှိ တောင်သူ (၁၅၀) ဦးအတွက် တစ်ဦးလျှင် နေ့ကြာမျိုးစေ့ (၄) ကီလိုဂရမ် တစ်ထုတ်စီ အခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့်  မြန်မာ့တိုင်းရင်းဆေး ဆေးခါးကြီးပင် ပျိုးထောင်ထားရှိမှုကို ကြည့်ရှုဆောင်ရွက်သည်။

 

ထို့နောက် ပြည်မြို့ ကမ်းနားလမ်း (ညဈေးတန်း) ဆောက်လုပ်ရန် မြေထိန်းနံရံနှင့် မြေဖို့ခြင်းလုပ်ငန်းကို ကြည့်ရှုပြီး ပြည်မြို့၊ မူယာပင်ခန်းမ၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၆၉၉) ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း (၆၅) ခုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့ ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ  (၅) ထပ် အဆောက်အဦ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပန်းတောင်းမြို့  ရွှေဘုံသာမုနိ စေတီတော်မြတ်ကြီး၊ ပြည်မြို့ မဟာသုဒဿနာရာမကျောင်းတိုက် နှင့် ရွှေဆံတော်စေတီတော်တို့၌ လှူဖွယ်ဝတ္ထုပစ္စည်းများ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။      

 ကိုကိုဇော်