ပဲခူး ၂၉ ဇွန်

 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇီးကုန်းမြို့နယ် လေးမျက်နှာကျေးရွာအုပ်စုတွင် တိုက်နယ်ဆေးရုံ တည်ဆောက်နိုင်ရေးအတွက် မြေနေရာအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်နယ်ဆေးရုံတည်ဆောက်နိုင်ရေးအတွက် ဒေသခံပြည်သူများမှ မြေနေရာသတ်မှတ်ရာထားသည့် ဇရပ်လှကျေးရွာအုပ်စု၊ ကျေးနားကျေးရွာ ရှိမြေနေရာ(၁)ခု၊ လေးမျက်နှာကျေးရွာအုပ်စု၊ လေးမျက်နှာကျေးရွာရှိ မြေနေရာ(၂)ခုတို့အား ကွင်းဆင်းကြည့်ရှုရာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမေသူဇော်နှင့် ဇီးကုန်းမြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်နိုင်ဦးတို့က တိုက်နယ်ဆေးရုံ ဆောက်လုပ်ရန်အတွက် လိုအပ်သည့်မြေအနေအထားနှင့် တည်ဆောက်မည့်ပုံစံတို့အား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စပါယ်မြှောင်ကျေးရွာအုပ်စု၊ တောင်ရေ ကန်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တိုက်နယ်ဆေးရုံတည်ဆောက်ရန် မြေနေရာရွေးချယ်ထားမှု ကိစ္စရပ်များ၊ ဒေသဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ မြေယာတိုင်ကြားစာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)

 

mdn