ပဲမျိုးစုံနှင့် ကျန်းမာရေး

 

တင်ထက်ထက်ဇော်

 

မြန်မာနိုင်ငံတွင် ပဲအမျိုးမျိုးစိုက်ပျိုး  စားသုံးလျက်ရှိကြရာ  ၎င်းတို့အနက် စားသုံးမှုအများဆုံး ဖြစ်ကြသော ကုလားပဲ၊ ပဲစင်းငုံ၊ ပဲပုပ်၊ စားတော်ပဲ၊ မတ်ပဲနှင့် ပဲတီစိမ်း စသည့် ပဲအမည်တစ်မျိုးချင်းစီ၏ လူသားတို့အတွက်  ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်းကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုပါသည်။

 

ကုလားပဲ

 

ကုလားပဲတွင် အာဟာရဓာတ်ပေါကြွယ်ဝလှသည့်အပြင် ဈေးနှုန်း ချိုသာပြီး အလွယ်တကူဝယ်ယူ ရရှိနိုင်သဖြင့် “ဆင်းရဲသားအမဲ (Poor Man’s Beef)” ဟု ခေါ်စမှတ်ပြုကြပါသည်။ အဘယ့်ကြောင့်ဆိုသော် အမဲသားနှင့် ကုလားပဲတို့တွင် တူညီသော အာဟာရဓာတ်ကို ရရှိနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် ကုလားပဲတွင် ကစီဓာတ်နှင့် အသားဓာတ်တို့ အဓိကပါဝင်နေကြသည်။ ကာဗိုဟိုက်ဒရိတ် (ခေါ်) ကစီဓာတ်ကို ကော်ဓာတ်ဟု ခေါ်သည်။ ကစီဓာတ်က ခန္ဓာကိုယ်ကြီးထွားရေးအတွက် မဖြစ်မနေလိုအပ်သကဲ့သို့ သွားလာလှုပ်ရှားမှုနှင့် အသက်ရှင် နေထိုင်မှုတို့အတွက် အင်အားအများဆုံး ပေးသောဓာတ်လည်း ဖြစ်ပါသည်။ ထိုမျှမက ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေ၍ ခန္ဓာကိုယ် မွမ်းမံမှု၊ သွေးသားညီညွတ်မှုတို့ကိုလည်း ၎င်းကစီဓာတ်က စွမ်းဆောင် ပေးနိုင်သည်။ အသားဓာတ်က ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မဖြစ်မနေလိုအပ်သောဓာတ် ဖြစ်သည်။ ကလေးများတွင် အသားဓာတ် မလုံလောက်ပါက  ကြီးထွားမှုရပ်ဆိုင်းပြီး  အရပ်ပုကာ လူစဉ်မမီ ဖြစ်တတ်သလို  အရွယ်ရောက်ပြီးသူတွေမှာလည်း အသားဓာတ် လုံလောက်စွာမရရှိပါက အင်အားကုန်ခန်းပြီး ကိုယ်စိတ်နှလုံးပင်ပန်းခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ ရောဂါရလွယ်ခြင်းတို့ ဖြစ်တတ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်၏  ပျက်စီးချို့ယွင်းနေသော အသားအရေ ရုပ်ကလာပ်များကို ပြန်လည်ဖွဲ့စည်း  ထူထောင်ပေးသည့်  အသားဓာတ် အရင်းအမြစ်ဖြစ်သော ကုလားပဲကို စားသုံးပေးသင့်ပါသည်။

 

ပဲစင်းငုံ

 

ပဲစင်းငုံကို ကုလားပဲလောက် လူသုံးမများသော်လည်း ကုလားပဲထက် လူနှင့် ပိုတည့်သည်ဟု ရှေးလူကြီးသူမများက အယုံအကြည်ရှိကြသည်။ ပဲစင်းငုံထဲတွင် ပိုတက်စီယမ်သတ္တုဓာတ်  အဓိက အများဆုံးပါရှိပြီး ၎င်းဓာတ်က ခန္ဓာကိုယ်ထဲ  ရောက်သွားသောအခါ ဓာတ်ပြုပြီးနောက် သွေးဖိအားကို လျှော့ချပေးပါသည်။ ထို့ကြောင့် သွေးတိုးရောဂါ ရှိသူများအနေဖြင့် ပဲစင်းငုံကို နေ့စဉ်စားပေးသင့်သည်။ ပရိုတင်းဓာတ် အပြည့်အဝပါရှိသည့် ပဲစင်းငုံကို စားပေးခြင်းဖြင့် ဆဲလ်များ၊ တစ်သျှူးများ၊ ကြွက်သားများနှင့် အရိုးများကို ကောင်းစွာတည်ဆောက်စေကာ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးစေပါသည်။  အထူးသဖြင့် ခန္ဓာကိုယ်ထဲရှိ ဆဲလ်အသစ်များတည်ဆောက်မှုကို အားပေးသည်။ ပဲစင်းငုံတစ်ခွက် နေ့စဉ်စားပေးခြင်းဖြင့် ပရိုတင်း ၁၁ ဂရမ်ကို ရရှိနိုင်ပါသည်။ ဖောလိပ်ဓာတ်ကြွယ်ဝသဖြင့် သွေးအားနည်းရောဂါ မဖြစ်စေတော့ပေ။

 

ပဲပုပ် 

 

ပဲပုပ်တွင် ခွန်အားနှင့် သွေးနီအားကို တိုးတက်စေသော သံဓာတ်အလုံအလောက် ပါရှိနေသဖြင့်  သက်သတ်လွတ် စားသူများအတွက် သံဓာတ်ဖြည့်စွက်စာအဖြစ် အားကိုးထိုက်ပါသည်။ ပဲပုပ်တွင်ပါရှိသော အသားဓာတ် (ခေါ်) ပရိုတင်းဓာတ်က အခြားသော သီးနှံပင်များထဲရှိ ပရိုတင်းဓာတ်မျိုးနှင့်မတူဘဲ သာလွန်ကောင်းမြတ်သော ပထမတန်း စား ပရိုတင်းဓာတ် ဖြစ်သည်။  ၎င်းပရိုတင်းဓာတ်သည်  အမဲသား၊ ကြက်ဥနှင့် နွားနို့တွင်ပါရှိသော ပရိုတင်းဓာတ်နှင့် အမျိုးအစားတူညီရုံ မျှမက ပဲပုပ်တွင်  ပရိုတင်းဓာတ်ပါဝင်မှု  ပိုများသည်။ ထူးခြားချက်မှာ ပဲပုပ်တွင်ပါရှိသော ပရိုတင်းပမာဏသည်  အမဲသားထက်  နှစ်ဆ၊ ကြက်ဥထက် သုံးဆ၊ နွားနို့ထက် ဆယ့်တစ်ဆ ပိုမိုသည်။ ပဲပုပ်တွင် ကစီဓာတ်ပါဝင်မှု လွန်စွာနည်းသဖြင့် အဝလွန်သူများနှင့် ဆီးလွန် ရောဂါရှိသူများအတွက်  ကောင်းကျိုးပြုပါသည်။  ပဲပုပ်က ပိန်သော သူကို ဝဖြိုးစေခြင်း၊ အသားအရေကို အရွယ်တင် နုပျိုစိုပြည်စေခြင်း၊ ဝမ်းချုပ်ရောဂါကို  ကုသနိုင်ခြင်း၊ ကြွက်သား၊ အရေပြားနှင့် အကြော များကို အားကောင်းစေခြင်း၊ ခန္ဓာကိုယ်တွင်း အပူဓာတ်ဖြည့်ပေး၍ အားပြည့်စေခြင်း၊ အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့်  အစာအိမ် တို့ကို ကျန်းမာစေခြင်း၊ ဗီတာမင်အေဓာတ်ကြွယ်ဝ၍  မျက်စိအား ကောင်းစေခြင်း၊ ဦးနှောက်နှင့်  အာရုံကြောများကို  အားပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည်။ ထို့ပြင် အရိုးနှင့် သွားများကို ခိုင်မာ စေခြင်း၊ အရိုးကြီးထွားမှုကို အားပေးခြင်း၊ ကိုယ်ခန္ဓာထွားကျိုင်းစေခြင်းတို့ကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် ပဲပုပ်ကို မဖြစ်မနေ စားပေးသင့်ပါသည်။

 

စားတော်ပဲ

 

စားတော်ပဲပြုတ်တွင် လူသားတို့ကျန်းမာရေးကို အထောက်အကူဖြစ်စေသော ဗီတာမင်နှင့် သတ္တုဓာတ်တို့ အလုံအလောက် ပါရှိပြီး ဘေးဖြစ်စေတတ်သော ကိုလက်စထရော  လုံးဝမပါရှိသည့်အတွက် နေ့စဉ်စားသုံးပေးသင့်သော  အာဟာရဖြစ်ကြောင်း USDA (ခေါ်) အမျိုးသားအာဟာရပြုစစ်တမ်းများနှင့် WHFoods တို့မှ အခိုင်အမာ ထောက်ခံထားကြပါသည်။ ပဲပြုတ်ထဲတွင် အဆီဓာတ်နှင့် ကယ်လိုရီ ပါဝင်မှု မရှိသလောက်  လွန်စွာနည်းပါးသော်လည်း အာဟာရဓာတ် ကြွယ်ဝသောကြောင့် ကိုယ်ခန္ဓာ အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများ မှီဝဲစားသုံးသင့်သည်။ ပဲပြုတ်တွင် ချေဖျက်လွယ်သော အမျှင်ဓာတ် အမြောက်အမြားပါရှိနေကြပြီး  ၎င်းဓာတ်များက အစာခြေလမ်း ကြောင်းအတွင်း အစာကို လှုပ်ရှားရွေ့လျားစေသည့် အလိုအလျောက် ကြွက်သားလှုပ်ရှားမှုကို အားပေးသဖြင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေး ပါသည်။ စားတော်ပဲပြုတ်တွင် nicotinic အက်စစ်ပါရှိသဖြင့် သွေးထဲရှိ မကောင်းသော  LDL  ကိုလက်စထရောကို  လျှော့ချပေးနိုင်သည်။ စားတော်ပဲက သံဓာတ်အရင်းအမြစ်ဖြစ်ခြင်းကြောင့် သွေးနီဥဆဲလ် များကို ကောင်းစွာတည်ဆောက်စေကာ  သွေးအားနည်းရောဂါနှင့် အလွန်အမင်း မောပန်းခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံစွမ်းအား ကို တိုးတက်မြင့်မားလာစေပါသည်။ ထို့ပြင် အဆုတ်ထဲရှိ အောက် ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ ပို့ဆောင်ပေးသည်။ စားတော်ပဲတွင် lutein နှင့် carotenoid တို့ပါရှိနေပြီး စားတော်ပဲပြုတ် တစ်ခွက်စာပမာဏ ထဲတွင် ဗီတာမင်ကေ ၄၄ ရာခိုင်နှုန်း ပါရှိသည့်အပြင် ဗီတာမင်ဘီလည်း အပြည့်အဝပါရှိသဖြင့်  အရိုးကျန်းမာသန်စွမ်းစေကာ ဟော်မုန်း အပြောင်းအလဲကြောင့် အရိုးကြွပ်ဆတ်ခြင်းမှလည်း ကာကွယ်ပေး နိုင်သည်။ ထို့ကြောင့် ကလေး၊ လူကြီးများသာမက  ကိုယ်ဝန်ဆောင် မိခင်လောင်းများပါ ပဲပြုတ်ကို စားပေးသင့်သည်။ ထို့ပြင်စားတော်ပဲက သွေးထဲရှိ သကြားပမာဏကို ပုံမှန်ဖြစ်စေခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သောခွန်အားများကို ထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်တွင်း ဇီဝ ဖြစ်စဉ်ကို တိုးတက် ကောင်းမွန်စေခြင်း၊ သွေးခဲခြင်းမှကာကွယ်ခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အစာအိမ်ကင်ဆာ၊  လေပြွန်ဖောင်းပွသည့်ရောဂါ၊  မှက္ခရုရောဂါ၊  အယ်လ်ဇိုင်းမားရောဂါတို့ကို  ကာကွယ်ပေးခြင်းဖြင့်  ကောင်းကျိုးပြုပါသည်။ ဖောလိပ်ဓာတ်အရင်းအမြစ်  စုဝေးရာ စားတော်ပဲပြုတ်ကို  ကိုယ်ဝန်ဆောင်မိခင်များ စားပေးခြင်းဖြင့် မွေးဖွားလာသော  ကလေးငယ်များတွင် မွေးရာပါ  ဦးနှောက်နှင့် အာရုံကြောဝေဒနာများ ဖြစ်နိုင်ခြေ အလားအလာ နည်းပါးစေသည်။ အမျိုးသမီးများ သွေးဆုံးကိုင်မဖြစ်စေပါ။

 

မတ်ပဲ

 

မတ်ပဲတွင် ဗီတာမင်၊ ပရိုတင်း၊ သတ္တုဓာတ် စသည်တို့အမြောက် အမြားပါဝင်နေသောကြောင့် လူသားတို့ ကျန်းမာရေးအတွက် အရေးပါသော ပဲတစ်မျိုး ဖြစ်ပါသည်။ မတ်ပဲသည် သံဓာတ်ပြည့်ဝသော ကောက်ပဲ သီးနှံတစ်မျိုးဖြစ်၍  ခွန်အားဖြစ်စေသည်။  အထူးသဖြင့်  သံဓာတ် အားနည်း၍ ဓမ္မတာမမှန်သော အမျိုးသမီးများ မဖြစ်မနေ စားပေးသင့် သည်။ မတ်ပဲတွင် ကျေညက်လွယ်သော အမျှင်ဓာတ်နှင့် ကျေညက်ခဲ သော အမျှင်ဓာတ်ဟူ၍ အမျှင်ဓာတ်နှစ်မျိုး ကြွယ်ဝစွာပါရှိနေကြပြီး ၎င်းအမျှင်ဓာတ်များက အစာခြေစနစ်ကို ကောင်းမွန်စေကာ ဝမ်းချုပ် ခြင်းမှလည်း ကာကွယ်ပေးသည်။ ဖောလစ်အက်စစ်နှင့် မဂ္ဂနီစီယမ် ဓာတ်တို့ မတ်ပဲတွင် ပါရှိသဖြင့် နှလုံးကျန်းမာအောင် အထောက်အကူ ပြုပေးနိုင်ပါသည်။ ထို့ပြင် မတ်ပဲက ခန္ဓာကိုယ်ထဲရှိ မကောင်းသော ကိုလက်စထရောကို ကျစေသည်။ ထို့ပြင် မတ်ပဲနှင့် ထောပတ်ကြော် စားပေးခြင်းဖြင့် နို့တိုက်မိခင်များအတွက် နို့ထွက်အားကောင်းစေသည်။ ပရိုတင်းဓာတ် အရင်းအမြစ်ဖြစ်သည့် မတ်ပဲကိုစားပြီးနောက် ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားလာကာ ကြွက်သားတစ်သျှူးများကို ခွန်အားဖြစ် စေသည်။ ထမင်းကဲ့သို့ အစားအစာများ စားပြီးနောက် သွေးထဲက ဂလူးကို့စ်ပမာဏကို မတ်ပဲက ထိန်းညှိပေးနိုင်သည်။ ဆီးချိုရောဂါ ဖြစ်ခါစ လူနာများအနေဖြင့်  မတ်ပဲဖြင့်လုပ်ထားသော  ပဲပင်ပေါက် လက်တစ်ဆုပ်စာ ပမာဏကို ကြက်ဟင်းခါးသီး အနေတော်အရွယ် တစ်လုံးဖြင့်ကြိတ်၍  ဖျော်သောက်ပေးပါ။  ဤဆေးအား  တစ်နေ့ တစ်ကြိမ်နှုန်းဖြင့်  လေးလခန့်ကြာအောင် စွဲသောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို အမြစ်ပြတ်စေနိုင်ပါသည်။ မှတ်ဉာဏ်အားနည်းခြင်း၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ သတိမေ့လျော့ခြင်း စသည့်အာရုံခံ အင်္ဂါအဖွဲ့အစည်းပြဿနာများအတွက် မတ်ပဲက လွန်စွာကောင်းကျိုး ပြုသည်။ ထို့ပြင် အဆစ်အမျက်ရောင်ရမ်းခြင်းများ သက်သာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊  အဆီကျစေခြင်း၊  အရိုးအားကောင်း စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုသည့်အပြင် ကိုယ်ဝန်ဆောင်မိခင် များအနေဖြင့်လည်း မတ်ပဲကို ဖြည့်စွက်စာအဖြစ် စားသုံးပေးသင့်ပါသည်။

 

ပဲတီစိမ်း

 

မြန်မာနိုင်ငံတွင် ပဲမျိုးစုံသီးနှံကို ဧက ၁၀ သန်းနီးပါး စိုက်ပျိုးလျက် ရှိရာ ၎င်းတို့အနက် ပဲတီစိမ်းစိုက်ဧကမှာ အများဆုံးဖြစ်သည်။ ပဲတီစိမ်း ကို ပြည်ပပို့ကုန်တွင် အားကိုးရပြီး  ပြည်တွင်းစားသုံးမှုအတွက်ကို လည်း အားထားရသော သီးနှံဖြစ်သည်။ ပဲတီစိမ်းတွင် လူကို ဘေးဖြစ် စေသောအဆီ လုံးဝမပါရှိပေ။ တစ်အောင်စ အလေးချိန်ရှိသော ပဲတီစိမ်း တွင်ပါရှိသော ပရိုတင်းဓာတ်သည် ၎င်းနှင့် အလေးချိန်တူ ကြက်သား (သို့မဟုတ်) ကြက်ဆင် (သို့မဟုတ်) ဆယ်လ်မွန်ငါး တစ်အောင်စထဲတွင် ပါရှိသော ပရိုတင်းဓာတ်ပမာဏနှင့် ထပ်တူညီမျှနေပြီး ကြက်ဥပြုတ် တစ်လုံး၏ ပရိုတင်းပမာဏနှင့်လည်း ထပ်တူညီကြောင်း သိရသည်။ ပဲတီစိမ်းရှိ ကော့ပါးဓာတ်က  လူ့ခန္ဓာကိုယ်  အသားအရေအတွက် အရွယ်တင်နုပျိုစေသော  လျှို့ဝှက်ချက်ဖြစ်ပါသည်။  ပဲတီစိမ်းကို နံနက်စာအာဟာရအဖြစ် နေ့စဉ်စားသုံးပေးခြင်းဖြင့် မျက်နှာပေါ်က အမည်းစက်ပြောက်များနှင့် အရေးအကြောင်းများကို လျော့ပါး သက်သာစေသည်။ ယနေ့ကမ္ဘာတွင် လူသားများ နေထိုင်စားသောက်မှု စနစ်မကျခြင်းကြောင့် ကျန်းမာရေးဆုတ်ယုတ်နေကြသည်။ ပဲတီစိမ်း က  အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်း  ဇီဝကမ္မ ဖြစ်စဉ်ကို တိုးတက်စေသဖြင့် သွေးလွှတ်ကြောများနှင့် ဆံချည်မျှင် သွေးကြောငယ်များအတွင်း ကိုလက်စထရောများ အနည်ကျပိတ်ဆို့ခြင်းကို လျှော့ချပေးနိုင်သည်။ ထို့ပြင် ကိုလက်စထရောကြောင့် နှလုံးရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ ပဲတီစိမ်းပုံမှန်စားပေး ခြင်းက အစာကျေညက်လွယ်ခြင်း၊ အရိုးအားကောင်းစေခြင်း၊ သွားနှင့် သွားဖုံး ကျန်းမာစေခြင်း၊ သွေးတိုးရောဂါမှ ကာကွယ်ပေးခြင်း၊ စိတ် အာရုံခံစွမ်းအား တိုးပွားစေခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မား စေခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်ပြေပျောက်စေခြင်း၊ ကင်ဆာ ရောဂါများကို နှိမ်နင်းပေးခြင်း၊ သကြားပမာဏကို ထိန်းညှိပေးခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ အသည်းကျန်းမာစေခြင်း၊ ဗိုင်းရပ်စ်ပိုး အန္တရာယ်မှ ကာကွယ်ပေးခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါသည်။

 

ပြည်ပပို့ကုန် မြန်မာ့ပဲမျိုးစုံ

 

ပြည်ပပို့ကုန်ကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှု ကဏ္ဍမှာ အားထားရသည့်ကဏ္ဍတစ်ခု ဖြစ်နေသကဲ့သို့  လယ်ယာ ထွက်ကုန်ပစ္စည်းတင်ပို့မှုကဏ္ဍတွင်လည်း ပဲမျိုးစုံတင်ပို့မှုမှာ အားထား ရသည့်ကဏ္ဍတစ်ခုဖြစ်နေကြောင်း သိရသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၉၂၇ ဒသမ ဝ၆၅ သန်းရရှိခဲ့ရာ လယ်ယာထွက်ကုန်တင်ပို့မှုကဏ္ဍမှ အမေရိကန် ဒေါ်လာ ၄၆၂၂ ဒသမ ၉၆၉ သန်း ရရှိခဲ့ကြောင်းနှင့် ယင်းပမာဏအနက် ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၅၇၀  ဒသမ ၇၀၇  သန်း ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ ထို့ပြင် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလ  ၁၇ ရက်အထိ ပဲမျိုးစုံတင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၂၄၂ ဒသမ ၄၆၇ သန်းဖိုးရရှိခဲ့ပြီး ပင်လယ်ရေကြောင်းမှ ပိုမိုတင်ပို့ရောင်းချပေးခဲ့ ရကြောင်း လေ့လာသိရှိရသည်။

 

အချုပ်အားဖြင့်ဆိုသော် မြန်မာ့ပဲမျိုးစုံမှ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ဖော်ဆောင်နိုင်သဖြင့် ပဲစိုက်တောင်သူများအနေဖြင့် ယခုထက်ပို၍ တိုးချဲ့စိုက်ပျိုးသင့်သလို နိုင်ငံတော်အနေဖြင့်လည်း ပဲစိုက် တောင်သူများအတွက် လိုအပ်သော ပံ့ပိုးမှုများကို ဆောင်ရွက်စေလိုကြောင်း အကြံပြုလိုက်ရပါသည်။