အရာတော် ၂၅ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်းရှိ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ ခိုင်မာသောဈေးကွက်၊ ဈေးနှုန်းများရရှိစေရန် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ရောင်းချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက အရာတော်မြို့နယ် အခြေခံပညာအထက် တန်း ကျောင်း ဆရာစံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အရည်အသွေးမြင့် ထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များတောင်သူများထံသို့ ဈေးနှုန်းသင့်တင့် မှန်ကန်သောဈေးနှုန်းဖြင့် ရောက်ရှိစေပြီး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်၍ ခိုင်မာသည့် ဈေးကွက်နှင့် ဈေးနှုန်းများ ရရှိစေရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်၏ ပြောကြားချက်အရ သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်နှုန်း တိုးတက် ကောင်းမွန်ရေး၊ မျိုးစေ့ထုတ်လုပ်ရေးနှင့် ကန်ထရိုက်လယ်ယာစနစ်၊ ထွက်ရှိသီးနှံများကို သိုလှောင်ခြင်းနှင့် တင်ပို့ရောင်းချခြင်းဆိုင်ရာများကို ပုဂ္ဂလိကစိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ပညာရှင်များက ဆွေးနွေးဟောပြောကြသည်။
ထိုသို့ဟောပြောချက်များကို အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံတောင်သူများမှ အုပ်စုဖွဲ့ဆွေးနွေးကြပြီး နည်းစနစ်ကျသောစိုက်ပျိုးထုတ်လုပ်ခြင်း သိုလှောင်တင်ပို့ရောင်းချခြင်းဖြင့် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


