၂၀၁၉ ခုနှစ် မတ်လ ၆ ရက်နေ့(မနက်ဖြန်)မှစတင်၍ မတ်လ ၁၅ ရက်နေ့အထိတက္ကသိုလ်ဝင်စာမေးပွဲကြီး ကျင်းပတော့မည်ဖြစ်သည်။ အခြေခံပညာ အဆင့် ကျောင်းသား ကျောင်းသူများအတွက် နောက်ဆုံးပိတ်ပန်းတိုင်ကိုလှမ်းကိုင်ဆွတ်ခူးနိုင်ရန် ပွဲမဝင်ခင် အပြင်က ကြိုတင်ပြင်ဆင် ကြိုးပမ်း အားထုတ်ထားကြရမည်ဖြစ်သည်။


တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြရမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်၊ လိုက်နာဆောင်ရွက်ရန်နှင့် ဘာသာရပ်အလိုက် သိရှိမှတ်သားရန်အချက်များကို နိုင်ငံပိုင်သတင်းစာများနှင့် အခြားမီဒီယာစာမျက်နှာများ ပေါ်တွင် ကြိုတင်အသိပေးထားခဲ့ပြီးဖြစ်ရာ အ ဆိုပါအချက်များကို လိုက်နာ ဆောင်ရွက်ကြပါက အောင်ပန်းနှင့်မဝေးဟု ဆိုချင်ပါသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် အလွတ်ကျက် ပညာရေး စနစ်ကိုလျှော့ချ၍ ကိုယ်ပိုင်တွေးခေါ် ကြံဆ စဉ်းစားမှုများပါဝင်သည့်မေးခွန်းပုံစံသစ်များဖြင့် ဖြေဆိုရမည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားပြီးဖြစ်ရာ မိမိတို့တစ်နှစ်တာ လေ့လာဆည်းပူးသင်ကြား ထားသည့် ဘာသာရပ်များအား ပြောင်းလဲသွားသော မေးခွန်းပုံစံနှင့်အညီခြုံငုံလေ့လာပြီး ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုဖြင့် ဖြေဆိုကြမှသာ တန်ကာကျမည် ဖြစ်သည်။


တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပုံစံမှာ ယခင်မေးခွန်းပုံစံ ကျောရိုး အတိုင်းဖြစ်ပြီး အလွတ်ကျက်မှတ်ဖြေဆိုမှုကို လုံးဝမပစ်ပယ်သော်လည်း ကိုယ်ပိုင်စဉ်းစားတွေးခေါ်တတ်မှုအား ဆန်းစစ်သုံးသပ်ခြင်းဖြစ်သည်ကိုသတိမူရမည်ဖြစ်သည်။ ဘာသာရပ်အလိုက် သင်ခန်းစာကဏ္ဍတိုင်းရှိအဓိကကျသည့်အချက်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သီအိုရီများကိုလေ့လာမှတ်သားပြီး မေးခွန်းနှင့်ကိုက်ညီအောင် ကိုယ်ပိုင်တွေးခေါ်မှုဖြင့်ဖြေဆိုတတ်ရန်လိုအပ်သည်။


ပညာရေးစနစ်သစ် KG တန်းမှ ၁၂ တန်းအထိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ရာ ခိုင်နှုန်းပြည့် ပြောင်းလဲနိုင်ရန် ယခုစတင်၍ ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကိုယ်ပိုင်တွေးခေါ်မြော်မြင်မှုကို အခြေခံသည့်ပြောင်းလဲဖြေဆိုရန်မှာ လတ်တလောအခက်အခဲရှိမည်ဖြစ်သော်လည်း မိမိတို့လေ့လာဆည်းပူးထားသည့် ဘာသာရပ်များအား ရိုးရှင်းလွယ်ကူစွာဖြင့် ဆီလျော်လိုက်ဖက်အောင် ဖြေဆိုနိုင်ရန်မှာ အဓိကဖြစ်သည်။


အထူးသတိပြုရမည့်အချက်မှာ မျက်မှောက်ကာလသည်နည်းပညာစနစ်များ တိုးတက်ထွန်းကားနေသောခေတ်ကာလဖြစ်၍ စာမေးပွဲခန်းအတွင်း စမတ်လက်ပတ်နာရီ၊ နည်းပညာသုံး ဘောပင်နှင့်မျက်မှန်များ ယူဆောင်လာပါက နှစ်အကန့်အသတ်မရှိ စာမေးပွဲဖြေဆိုခွင့်ပိတ်ခြင်း ခံရမည်ဟူသော စည်းကမ်းချက်များ ထုတ်ပြန်ထားသည်ကိုသတိပြုရမည်ဖြစ်သည်။


စာမေးပွဲဖြေဆိုစဉ်တွင် ယူဆောင်လာခဲ့သော နာရီကဲ့သို့ ဒစ်ဂျစ်တယ်ပစ္စည်းများအား လုံးဝထိန်းချုပ်ခြင်း သဘောမဟုတ်ဘဲ ထိုပစ္စည်းများဖြင့်ပြင်ပနှင့်ဆက်သွယ်ကာ မသမာမှုများမပြုလုပ်နိုင်အောင် ခေတ္တသိမ်းဆည်းထားခြင်းဖြစ်သည်ကို နားလည်သဘောပေါက်ရမည်ဖြစ်သည်။ စာမေးပွဲခန်း စောင့်ကြပ်ပေးသော ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာပြီး ကောင်းမွန်စွာဖြေဆိုနိုင်ရေးကိုကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။


ကျောင်းသား ကျောင်းသူများအနေဖြင့် စာမေးပွဲနီးမှ ဘာသာရပ်များကို တက်သုတ်ရိုက် ကျက်မှတ်ခြင်းမျိုးမပြုဘဲ နှစ်စကတည်းက ကြိုတင်လေ့လာဆည်းပူးထားပြီး စာမေးပွဲဖြေဆိုရက်နီးသည့် ယခုကာလ တွင် ခေါင်းအေးအေးထား၍ ပြန်လှန်လေ့လာစဉ်းစားတွေးခေါ်နိုင်ရန်ဖြစ်သည်။ ပတ်ဝန်းကျင်မှ ဆူပူနှောင့်ယှက်ခြင်း၊ အိပ်ရေးပျက်ခံခြင်း စသည့် ကိုယ်စိတ်ကျန်းမာရေး မထိခိုက်အောင် သတိထားရမည်ဖြစ်သည်။


သို့ဖြစ်ရာ အခြေခံပညာအဆင့်၏ နောက်ဆုံးအောင်ပန်းဖြစ်သည့်တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် ပွဲမဝင်ခင်အပြင်က ကြိုတင်ပြင်ဆင်၍ ရည်မှန်းချက်ပန်းတိုင်ကို လွယ်ကူချောမွေ့စွာ တက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ကြေးမုံ