နုခန့်ယဉ်(ရစ်ကန်ကြီး)
ယနေ့ခေတ်သည် IT နည်းပညာများ ထွန်းကားနေပြီး နည်းပညာစွမ်းရည်တို့ဖြင့် ဆန်းသစ်၍ လုပ်ငန်းပိုင်းဆိုင်ရာများကို ဆောင်ရွက်နေကြပြီဖြစ်သည်။ ထို့ကြောင့် အရွယ်ရောက်ပြီးသော လူသားတိုင်းသည် အတတ်ပညာများကိုမဖြစ်မနေ သင်ယူတတ်မြောက်ထားကြရပေမည်။ ပညာကိုအခြေခံသော ပညာခေတ်ကို ရင်ပေါင်တန်းနိုင်ရန်အတွက် အတတ်ပညာများ ထိုက်သည့်အားလျော်စွာ တတ်မြောက်ထားကြရမည်။ လက်လှမ်းမီသမျှ လေ့လာဆည်းပူးကြရမည်ဖြစ်သည်။ ထို့ကြောင့် ပညာခေတ်အတွက် ဘဝတစ်ဆစ်ချိုးကို ပြောင်းလဲပေးနိုင်သည့် တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများအနေဖြင့် အထက်တန်းပညာ ပြီးမြောက်အောင်မြင်ရန် ကြိုတင်ပြင်ဆင်ကြရတော့မည်ဖြစ်သည်။
မှတ်သားလိုက်နာပါ
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် အချိန်သည် အလွန်ပင်နီးကပ်လာပြီဖြစ်သည်။ ထိုသို့နီးကပ်လာသည်နှင့်အမျှ မိဘများ၊ ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများအပေါ် ဂရုစိုက်မှုပိုမိုလာသကဲ့သို့ အရေးကြီးသည့်အချက်အလက်များ၊ ဆောင်ရန်ရှောင်ရန်များကို မနားမနေ မှာကြားကြတော့သည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် မိဘ၊ ဆရာသမားများ၏ မှာကြားချက်များကို သေချာစွာမှတ်သား၍ လိုက်နာကြရမည်။ ဆရာ ဆရာမများသည် သင်ကြားရေးအပိုင်းတွင် နှစ်ချီ၍သင်ကြားနေကြ သူများဖြစ်သည်။ သင်ခန်းစာများ၏ သဘောတရားများကိုလည်း များစွာကျွမ်းကျင်သူများဖြစ်ကြသည်။ စာမေးပွဲဖြေဆိုရန်နီးကပ်လာသည့်အခါ ဆရာ ဆရာမများအနေဖြင့် အရေးကြီးသည့်သင်ခန်းစာများကို ပြန်လည်သင်ကြားလေ့ကျင့်ပေးခြင်း၊ မှားယွင်းတတ်သည့် အချက်များကိုထောက်ပြ၍ အမှားအယွင်းမဖြစ်ရအောင် သတိပေးခြင်း၊ လေ့ကျင့်ခန်းသင်ခန်းစာများကို ထပ်ခါတလဲလဲ ပြန်လည်လေ့ကျင့်စေခြင်းများ ပြုလုပ်ပေးကြသည်။ ထိုအချိန်တွင် ကျောင်းသား ကျောင်းသူများအနေဖြင့် အထူးဂရုပြု၍ မှတ်သားလိုက်နာကြရပေမည်။
နိုင်ငံတော်အစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ နိုင်ငံပိုင် သတင်းစာများတွင်လည်း ဘာသာရပ်အလိုက်လေ့လာနိုင်ရန် သိမှတ်ဖွယ်ရာ အခန်းကဏ္ဍများကို ဖော်ပြလျက်ရှိသည်။ ထိုအချက်များသည် လည်း စာမေးပွဲဖြေဆိုသူများအတွက် အထောက်အကူဖြစ်စေသောကြောင့် လေ့လာမှတ်သားကြရပေမည်။ ပညာရေးဂျာနယ်များတွင်ပါရှိသော သိမှတ်ဖွယ်ရာသင်ခန်းစာများကိုလည်း လေ့လာမှတ်သားကြရပါမည်။ စာမေးပွဲဖြေဆိုရန် အချိန်နီးကပ်နေပြီဖြစ်၍ သင်ခန်းစာများကို ကျက်မှတ်သည်ထက် ပြန်လည်လေ့လာပြီး စနစ်တကျမှတ်သားခြင်း က ပို၍တန်ဖိုးရှိပါသည်။ Review ဟူသော ပြန်လည်လေ့လာမှတ်သား ခြင်းကသာလျှင် အကောင်းဆုံးသောရလဒ်ကို ပေးစွမ်းနိုင်ပေလိမ့် မည်။
ကိုယ်ပိုင်ဉာဏ်ဖြင့်မှတ်သားပါ
စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများစွာပြုလုပ်ကြရမည်။ သင်ခန်းစာများကို စိတ်ဖြင့်မှတ်ပါ၊ လက်ဖြင့်ရေးပါ၊ စာမေးပွဲခန်းမအတွင်း တစ်စုံတစ်ရာ အခက်အခဲရှိခဲ့သည့်တိုင်အောင် လက်ဖြင့်ရေးချထားခြင်းကြောင့် နှုတ်မှရွတ်ဆိုမှုမှားခဲ့သော်လည်း လက်မှအမှန်ရေးသားနိုင်ပါလိမ့်မည်။ သင်ခန်းစာများကို အော်၍ကျက်မှတ်ခြင်း၊ စိတ်ဖြင့်ကျက်မှတ် ခြင်းများထက် self education ဟူသော ကိုယ်တိုင်သင်ယူခြင်းဖြင့် လေ့လာကြရမည်။ ကိုယ်တိုင်သင်ယူခြင်းဆိုသည်မှာ ဆရာ ဆရာမများ၊ မိဘများက သင်ကြားပေးသည်ကို လိုက်နာသည့်အပြင် မိမိ ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းစဉ်းစား၍ နားလည်သဘောပေါက်စွာ မှတ်သားခြင်းကိုဆိုလိုပါသည်။ သို့မှသာ ဘယ်အချိန်ကာလရောက်သည်ဖြစ်စေ မိမိလေ့လာထားသော သင်ခန်းစာများကို အမှတ်တရ ရှိနေပေလိမ့်မည်။
နားမလည်သောသင်ခန်းစာများကို ဆရာ ဆရာမများ၊ သူငယ်ချင်းများနှင့် အပြန်အလှန်ဆွေးနွေး၍ မှတ်သားပါ။ မိမိကိုယ်တိုင်လည်း နားလည်သဘောပေါက်အောင် ပြန်လည်လေ့ကျင့်ကြရမည်။ အရေးကြီးသောဘာသာရပ်ဆိုင်ရာ ဖော်မြူလာများ၊ ဥပဒေသများကို အလွတ်ကျက်မှတ်သည်ထက် တွက်ချက်နည်းများ၊ ဖြစ်စဉ်များကို သေချာစွာ မှတ်သားရန်လိုအပ်ပါသည်။ ယခုကဲ့သို့ စာမေးပွဲနီးကပ် သောအချိန်တွင် အုပ်စုဖွဲ့၍ စာကျက်မှတ်ခြင်းထက် မိမိကိုယ်ပိုင်ဉာဏ် ဖြင့် လေ့လာဆည်းပူးခြင်းက ပို၍ကောင်းမွန်ပါသည်။ စိတ်ထွေပြားမှု၊ စမ်းတဝါးဝါးဖြစ်မှုတို့ထက် မိမိပိုင်နိုင်သည်၊ မပိုင်နိုင်သည်ဟူသော သင်ခန်းစာများကို ခွဲခြားသိမြင်လာနိုင်သည်။ လိုအပ်သည့်အခါမှသာ နှီးနှောဆွေးနွေးခြင်းပြုလုပ်ကြရပေမည်။
စိစစ်ရွေးချယ်ပါ
စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် စိစစ်ရွေးချယ်မှုသည် အဓိကအချက်ပင်ဖြစ်သည်။ ကျောင်းသား ကျောင်းသူတိုင်းသည် သင်ခန်းစာအားလုံးကို အလွတ်နီးပါးရကြသူများမှာ ရှားပါးပါသည်။ ဘာသာရပ်အလိုက်တွင်လည်း မိမိအားသန်ရာဘာသာရပ်တွင် ထူးချွန်ကြပြီး တချို့ဘာသာရပ်များတွင်လည်း အားနည်းတတ်သည် များရှိတတ်ကြသည်။ မိမိပိုင်နိုင်ပြီဖြစ်သော ဘာသာရပ်များရှိပြီး တစ်ဘာသာမျှအားနည်းနေလျှင်လည်း စိုးရိမ်ရပါသည်။ များသောအားဖြင့် မိမိပိုင်နိုင်သောဘာသာရပ်ကိုသာ ထပ်တလဲလဲလေ့လာပြီး မိမိ မပိုင်နိုင်သောဘာသာရပ်ကို စိတ်ပျက်စွာ သာမန်မျှလေ့လာခြင်းမျိုး ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အန္တရာယ်များပါသည်။ ဘာသာရပ်တိုင်းအောင်မြင်မှသာ စာမေးပွဲအောင်မည်ကို သတိပြုကြရမည်။ မိမိပိုင်နိုင်သောဘာသာရပ်ကို ထပ်ခါတလဲလဲ လေ့လာသည့်အချိန်ကို အနည်းငယ်လျှော့၍ မပိုင်နိုင်သောဘာသာရပ်ကို ပိုမိုလေ့လာမှသာ အောင်မြင်စွာဖြေဆိုနိုင်မည်ဖြစ်သည်။
ဘာသာရပ်အလိုက် သင်ခန်းစာများတွင်လည်း မိမိပိုင်နိုင်သော သင်ခန်းစာနှင့် မပိုင်နိုင်သော သင်ခန်းစာဟူ၍ရှိတတ်ကြသည်။ စာမေးပွဲနီးကပ်ချိန်တွင် မပိုင်နိုင်သောသင်ခန်းစာအချို့ကို လျစ်လျူရှု သင့်သလောက် လျစ်လျူရှုကြရမည်။ အဘယ်ကြောင့်ဆိုသော် စိတ်ပူပင်သောကနှင့် မပိုင်နိုင်သောသင်ခန်းစာများကို အပူတပြင်း လေ့လာနေပါက ပိုင်နိုင်သောသင်ခန်းစာများလည်း ဝေဝါးသွားတတ် သည်ကို သတိပြုကြရမည်။ အချိန်ကိုအကျိုးရှိစွာ အသုံးချရမည့် အခြေအနေဖြစ်သောကြောင့် မိမိ၏စိတ်ကို စိစစ်ကြရမည်။ ပိုင်နိုင် သောသင်ခန်းစာများကို တစိုက်မတ်မတ် ရွေးချယ်ကျက်မှတ်ကြရမည်။
စာမေးပွဲခန်းမအတွင်းရောက်သည့်အခါ စိစစ်ရွေးချယ်မှုသည်လည်း အရေးကြီးပါသည်။ စာမေးပွဲခန်းမအတွင်းရောက်သည့်အခါ မေးခွန်းစာရွက်ကိုအစအဆုံး သေချာစွာဖတ်ရပါမည်။ မိမိသေချာ ပိုင်နိုင်စွာ ရရှိသောမေးခွန်းများကို စိစစ်ရွေးချယ်ကြရမည်။ ထိုသို့ စိစစ် ရွေးချယ်မှုမှန်ကန်မှသာ လွယ်ကူစွာဖြေဆိုနိုင်ပြီး မိမိမျှော်မှန်းသည့် အခြေအနေသို့ရောက်ရှိမည်ဖြစ်သည်။ စနစ်တကျရွေးချယ်၍ ဖြေဆို ခြင်းကသာလျှင် မိမိအတွက် များစွာအကျိုးရှိပြီး စိတ်ကျေနပ်မှုရရှိနိုင် မည်ဖြစ်ပေသည်။
စိတ်ကိုပြင်ဆင်ပါ
လူတို့၏လိုအင်ဆန္ဒဟူသမျှကို စွမ်းဆောင်ပေးနိုင်သောစွမ်းအားသည် လူတို့၏စိတ်၌သာ မူတည်နေသည်။ လူသားတို့၏အပြောအဆို၊ အပြုအမူဟူသမျှကို စိတ်ကသာ ဦးဆောင်နေပေသည်။ ထို့ကြောင့် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် စိတ်ကိုပြင်ဆင်ကြရမည်။ ကျောင်းသား ကျောင်းသူတချို့သည် စာမေးပွဲ ဟူသောအသံကြားသည်နှင့် စိတ်လှုပ်ရှားတတ်ကြသည်။ ကျက်မှတ်ထားသော သင်ခန်းစာများကိုပင် မေ့လျော့သွားတတ်ကြသည်။ စာမေးပွဲဖြေဆိုရာတွင် အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းဟူသော ရလဒ်နှစ်ခုထဲမှ တစ်ခုကိုပိုင်ဆိုင်ကြရမည်သာဖြစ်သည်။ ထိုရလဒ်နှစ်ခုမှ အောင်မြင်ခြင်းကိုသာ လူတိုင်းလိုချင်ကြလိမ့်မည်။ ထို့ကြောင့် စာမေးပွဲဖြေဆိုသည့်အခါ အောင်ကိုအောင်ရမည်၊ ဖြေဆိုနိုင်ရမည် ဟူသောစိတ်ကိုသာနှလုံးသွင်း၍ ကြောက်ရွံ့စိုးရိမ်ခြင်းကို ပယ်ဖျောက်ထားကြရမည်။
တချို့သော ကျောင်းသား ကျောင်းသူများသည် အထူးအောင် အဆင့်ကို မျှော်မှန်းကြသည်။ သို့သော်လည်း စာမေးပွဲဖြေသည့်အခါ ကျက်မှတ်ထားသည့် သင်ခန်းစာများပါပါ့မလားဟု အတွေးများတတ် ကြသည်။ ထိုအတွေးများသည် မိမိ၏စိတ်ခွန်အားကို ထိခိုက်စေပါသည်။ မိမိအလုပ်သည် ဖြေဆိုရမည့် အလုပ်ဖြစ်သည်ဟုသာ တွေးတော၍ ဖြေဆိုကြရမည်။ တခြားသောဖိအားဖြစ်စေမည့် အတွေး များကို ရှောင်ရှားကြရမည်။ ဂုဏ်ထူးရလိုဇောနှင့် မိမိမပိုင်နိုင်သောမေးခွန်းများကို ဦးစွာဖြေဆို၍ အချိန်ကုန်ခံခြင်းမျိုး မပြုလုပ်သင့်ပေ။ စိတ်ထွေပြားခြင်းသည် အရာရာတိုင်းကိုလွဲချော်စေနိုင်သောကြောင့် ဆုံးဖြတ်ချက်ခိုင်မာစွာချပြီး ပေါ့ပါးစွာဖြေဆိုနိုင်ရန် မိမိတို့၏စိတ်ကို ပြင်ဆင်ထားကြရပေမည်။
မိဘ၊ ဆရာ၊ ကျောင်းသား ညီမျှပါစေ
စာမေးပွဲနီးကပ်လာချိန်တွင် မိဘ၊ ဆရာ၊ ကျောင်းသားတို့သည် သဘောထားညီမျှရန်လိုအပ်ပါသည်။ မိဘများသည် မိမိ၏သားသမီးများကို “ဆင်စီးမြင်းရံ” ဖြစ်စေချင်သည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် မိမိတို့၏တိုက်တွန်းချက်များသည် မိမိတို့သားသမီးများ အတွက် ဖိအားတစ်ခုမဖြစ်စေရန် သတိပြုကြရမည်။ မိမိ၏သားသမီးများကို စောင့်ကြည့်ပါ။ အားပေးပါ။ မိမိတို့ဖြစ်စေချင်သည့် ဆန္ဒကို ထပ်ခါတလဲလဲ ထုတ်ဖော်ပြောကြားပြီး မိမိ၏သားသမီးများ စိတ်ထွေပြားမှုဖြစ်ရန် မပြုလုပ်သင့်ပေ။ စိတ်ဓာတ်ကျဆင်းစေသော အပြောအဆိုများ၊ အပြုအမူများဖြင့် သားသမီးများအား မဆက်ဆံမိစေရန် သတိပြုကြရပေမည်။
ဆရာ ဆရာမများအနေဖြင့်လည်း မိမိ၏တပည့်များအား “ဆရာ့ထက် တပည့်လက်စောင်းထက်”သည်ကို မြင်ချင်သည်မှာ အမှန်တရား ပင်ဖြစ်သည်။ သို့သော်လည်း မိမိတို့သင်ကြားမှုအားလုံးကို တပည့်များ က တစ်သဝေမတိမ်းကျက်မှတ်နိုင်သူမှာ နည်းပါးသည်ကို သတိပြုကြ ရမည်။ မိမိတပည့်များ၏ အားနည်းချက်၊ အားသာချက်များအပေါ်တွင် သာမူတည်၍ ဖြည့်စွက်ပေးခြင်းသာလျှင် အကောင်းဆုံးဖြစ်ပေလိမ့် မည်။ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိမိ၏ကိုယ်ပိုင် ဉာဏ်၊ မိမိ၏အားသာချက်၊ အားနည်းချက်၊ မိမိ၏စွမ်းဆောင်နိုင်မှုတို့ကို မိဘဆရာသမားများအား ပွင့်လင်းစွာ ပြောဆိုအသိပေးကြရမည်။ သို့မှသာ မိဘ၊ ဆရာ၊ ကျောင်းသားများ ဟန်ချက်ညီသော ဆောင်ရွက်ချက်ဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ပွဲမဝင်ခင်က ပြင်ဆင်ကြ
စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများသည် စာမေးပွဲဟူသော ပြိုင်ပွဲမဝင်ခင်ကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရမည်။ ကြိုတင်ပြင်ဆင်ခြင်းသည် စိတ်တည်ငြိမ်မှုကို ရရှိစေရုံသာမက အမှားအယွင်းနည်းပါးစေပါသည်။ မည်သို့သောအခက်အခဲ၊ လွဲချော်မှုများရှိစေကာမူ လွယ်ကူစွာဖြင့် ကျော်ဖြတ်နိုင်ပေလိမ့်မည်။ ဘဝ၏ တစ်ဆစ်ချိုးသည် အလွန်ပင်အရေးကြီးပါသည်။ ပညာခေတ်ရောက်ပြီ ဖြစ်၍ ပညာတစ်ခုကိုအောင်မြင်စွာရယူနိုင်ရန် ကြိုးစားကြရပေမည်။ ထို့ကြောင့် မိမိတို့၏ ကိုယ်စိတ်နှလုံးသုံးပါးလုံးအား အကောင်းဆုံး ပြင်ဆင်ပြီး အောင်မြင်သော အနာဂတ်မျိုးဆက်ကျောင်းသားလူငယ်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့် အကြံပြုရေးသားလိုက် ရပါသည်။ ။