မန္တလေး၊   ၃၁   ဒီဇင်ဘာ

ပဲရာသီအတွက် ပဲခူးတိုင်းဒေသကြီး ရွှေကျင်၊ မဒေါက်ဒေသများမှ စတင်ထွက်ရှိလာသည့် မြန်မာထွက်ကုန်သီးနှံ ပဲတီစိမ်း (ရွှေဝါ)များ မန္တလေးဈေးကွက်တွင် အဖွင့်ဈေးကောင်းဖြင့် အရောင်းသွက်လျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

 

အဆိုပါ ပဲတီစိမ်း(ရွှေဝါ)မှာ ယခင်နှစ် ယခုလိုရာသီချိန်၌ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၅၀၀၀ နှုန်းဖြင့် အဖွင့်ဈေးစခဲ့သော်လည်း ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ဝယ်လိုအားကြောင့် ဈေးနှုန်းမြင့်တက်ကာ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၃၀၀၀ နှုန်းဖြင့် အဖွင့်ဈေးကောင်းမွန်နေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောပြသည်။

 

“ဒီရက်ပိုင်းမှာ မန္တလေးပဲဈေးကွက်ကို အညာဒေသစုံကထွက်တဲ့ ပဲတီစိမ်းသီးနှံတွေ လှိုင်လှိုင်ဝင်ရောက် လာပါတယ်။ ဒီဇင်ဘာလလယ်လောက်ကထွက်တဲ့ အညာရွှေဝါပဲတီစိမ်းကတော့ သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၁၂၀၀၀၀ နှုန်းနဲ့ အရောင်းအဝယ်ဖြစ်နေတယ်။ လက်ရှိအခြေနေအရ ဈေးကွက်မှာ အရောင်းအဝယ်သွက်နေပေမယ့် ဒီရက်ပိုင်းမှာ မူဆယ်ကိုတင်ပို့တဲ့ ကားခဈေးက အရင်ကထက် ဈေးနှစ်ဆပိုပြီး တက်နေတဲ့အတွက် ပဲတီစိမ်းဈေးနှုန်းက တက်သင့်သလောက် မတတ်နိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ်မှာတော့ ဒီပဲတီစိမ်းကို အန္ဒိယနိုင်ငံကလည်း မတ်လ ၃၁ ရက်နေ့ထိ တန်ချိန် ၁၅၀၀၀၀ ဝယ်ယူဖို့ရှိနေတာကြောင့် ဈေးကောင်းမယ့် အလားအလာရှိနိုင်တယ်လို့ မျှော်လင့်ရတယ်” ဟု ၎င်းက ဆက်ပြောသည်။

 

ပဲတီစိမ်းသီးနှံသည် စပါးကဲ့သို့ ရာသီမရွေး စိုက်ပျိုးထွက်ရှိပြီး ပြည်ပနိုင်ငံများသို့ အဓိကအားထား တင်ပို့ရောင်းချရသည့် သီးနှံဖြစ်ကြောင်းနှင့် မကြာမီကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ခရမ်းသုံးခွမြို့နယ်များမှ စိုက်မျိုးထားသည့် ခရမ်းရွှေဝါပဲတီစိမ်းများလည်း ဈေးကွက်သို့ ဆက်လက်ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

 

 received_2159657100