ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

 

နှပ်ပဲစားစား၊ ကြော်ပဲစားစား၊ ချက်ပဲစားစား ဆိမ့်နေတဲ့ပဲထောပတ်လေးကို ကြိုက်တဲ့သူများရှိလား။ ဒါဆိုရင်တော့ သင်က အရသာရှိတဲ့ ပဲထောပတ်လေးကိုစားရင်း အခုလိုအကျိုးကျေးဇူးလေးတွေ ရရှိစေမှာပါ။

 

ပဲထောပတ်ကပေးတဲ့ ကျန်းမာရေး

 

ပဲထောပတ်ဆိမ့်ဆိမ့်လေးက

 

သွေးတွင်းသကြားဓာတ်ကို ကျစေတယ်

 

ပဲထောပတ်မှာ ပျော်ဝင်လွယ်တဲ့အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီအမျှင်ဓာတ်တွေက အူနံရံကို ရေဓာတ်နဲ့ အာဟာရဓာတ်တွေစုပ်ယူမှုကောင်းစေပြီး အစားစားပြီးချိန်မှာ သွေးတွင်း သကြားဓာတ်ကို လျင်မြန်စွာ မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့်ဆီးချိုရှိသူတွေ၊ အင်ဆူလင် တုံ့ပြန်နိုင်စွမ်း နည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။

 

အရိုးတွေသန်မာစေတယ်

 

ပဲထောပတ်မှာ မဂ္ဂနိစ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်တွေက အရိုးတွေ ကြံ့ခိုင်သန်စွမ်းစေနိုင်သလို အရိုးသိပ်သည်းဆကိုလည်း ကောင်းစေပါတယ်။ အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင်ကာကွယ်ရာလည်းရောက်ပါတယ်။

 

ဆံသားကျန်းမာစေနိုင်တယ်

 

သံဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ ပဲထောပတ်ကဆံသားကို အောက်ဆီဂျင်တွေပံ့ပိုးပေးနိုင်ပါတယ်။ ဒီလိုထောက်ပံ့ပေးမှုက ဆံသားတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

 

အစာကြေစေနိုင်တယ်

 

ပဲထောပတ်မှာ အစာခြေစနစ်အတွက်အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပိုတက်ဆီယမ်က အစာခြေစနစ်ကိုကျန်းမာစေသလို နှလုံးကိုလည်း ကျန်းမာ စေနိုင်ပါတယ်။

 

အသားအရေလှပစေတယ်

 

ပဲထောပတ်မှာ ကော့ပါးကြွယ်ဝစွာပါဝင်နေပါတယ်။ ဒီဓာတ်ကို အသည်းတွေမှာ အဓိက တွေ့နိုင်တာဖြစ်ပြီး အသားအရေကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်သလို အရေပြားပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

 

အင်အားပြည့်စေတယ်

 

ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်နေမှုက ခွန်အားပြည့်ဝနေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကယ်လ်လိုရီနဲ့ အဆီပါဝင်မှုနည်းတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတာကို ထွေထွေထူးထူး ပြောနေစရာမလိုအောင်ပါ။ အင်အားပြည့်ဝပြီး တက်ကြွလန်းဆန်းနေစေမယ့် အစားအစာတစ်မျိုးပါ။

 

နှလုံးကျန်းမာစေနိုင်တယ်

 

ပဲထောပတ်က ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေပြီး သွေးတွင်းကို လက်စထရောကို လျှော့ချ ပေးနိုင်ပါတယ်။ ပဲထောပတ်စားသုံးပေးတာက ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာ နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

 

ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်

 

လေ့လာမှုတွေအရ ပဲထောပတ်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်တွေနဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ ဒီဓာတ်တွေပါဝင်နေမှုကပဲ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို အထိရောက်ဆုံးလျှော့ချပေးနိုင်တာပါ။ အူမကြီးကင်ဆာနဲ့ အူလမ်းကြောင်း တလျှောက်မှာ ခံစားရနိုင်တဲ့ ကင်ဆာတွေကင်းစေဖို့ဆိုရင် ပဲထောပတ်က စားပေးသင့်တဲ့ အစားအစာတစ်ခုပေါ့။

 

အသည်းအဆီမဖုံးအောင် ကာကွယ်ပေးတယ်

 

အသည်းအဆီဖုံးတာက အရက်ကြောင့်တင်မဟုတ်ဘဲ နေ့စဉ်စားသောက်နေထိုင်မှု ပုံစံကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အသည်းအဆီဖုံးတာက နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေလည်း မနည်းပါဘူး။ ဒီတော့အကောင်းဆုံးက ကြိုတင်ကာကွယ်တာပါ။ ဒီတော့ ကာကွယ်မှုတစ်ရပ်အနေနဲ့ ပဲထောပတ်ကို စားပေးလို့ရပါ တယ်။ လေ့လာမှုအရကတော့ ပဲထောပတ်က အသည်းမှာအဆီဖုံးတာကို သက်သာစေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”