ဒီဇင်ဘာ ၂
ပဲတီစိမ်း စတင်စိုက်ပျိုးသူများအနေဖြင့် အထွက်နှုန်းကောင်းမွန်စေရန်၊ အရည်အသွေး ပြည့်မီစေရန်အတွက် အပင်ပြုစုထိန်းသိမ်းမှုများ လုပ်ဆောင်ပေးနိုင်ရမည့်အပြင် မစိုက်ပျိုးမီ မြေအမျိုးအစားကိုလည်း စနစ်တကျ ရွေးချယ်ကြည့်ရှုပြီးမှသာ စိုက်ပျိုးသင့်ကြောင်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူများက ပြောသည်။
"ကျွန်တော်က ပဲတီစိမ်းပင်တစ်မျိုးတည်းကို ၅၅ ဧက စိုက်ပျိုးထားပါတယ်။ စီးပွားရေးအရ တွက်ခြေကိုက်တဲ့အတွက် မိရိုးဖလာ စိုက်ပျိုးခဲ့တာပါ။ ပဲတီစိမ်းပင်ကို စတင်စိုက်ပျိုးမယ့်သူတွေအနေနဲ့ မြေအမျိုးအစားကို အဓိကထား ကြည့်ရှုလေ့လာပြီးမှ စိုက်ပျိုးသင့်ပါတယ်။ ပဲတီစိမ်းက ဘယ်လိုမြေအမျိုးအစားကို ကြိုက်သလဲဆိုတော့ မြေစေးလည်း မဟုတ်ရဘူး။ သဲမြေအမျိုးအစားလည်း မဟုတ်ရဘူး။ နည်းနည်း နှုန်းဆန်တဲ့မြေပေါ့။ စိမ့်စမ်းမြေမျိုးဖြစ်ပြီး မြေက တအားလည်းမစေးရဘူးပေါ့။ အဲ့ဒီလိုမြေအမျိုးအစားမျိုးဆိုရင် ကောင်းကောင်း ဖြစ်ထွန်းပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ မကျီးပေါက်ကန်ကျေးရွာမှ ပဲတီစိမ်းပင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူ ဦးသူရထွန်းက ပြောသည်။
ပဲအမျိုးမျိုးအနက် ပဲတီစိမ်းဈေးကွက်မှာ နှစ်စဉ်ပုံမှန်မပြတ် လည်ပတ်နေပြီး ၂၀၂၀ ခုနှစ် ပေါက်ဈေးများအရ ပဲတီစိမ်း ပိဿာချိန် ၂၀ (တစ်တင်း) လျှင် ၄၂၀၀၀ ကျပ် ရရှိခဲ့ကြောင်း သိရသည်။
"ဈေးကွက်တင်ပို့ရာမှာတော့ အရည်အသွေးပိုင်းက အဓိကပါပဲ။ မိုးမိသွားတာမျိုး ကြုံရင်တော့ ပဲတီစိမ်းအစေ့တွေထဲ အဝါဘက်သန်းတာလေးတွေ ရောပါသွားနိုင်ပါတယ်။ အဲ့ဒီလိုဆိုရင် ဈေးအနည်းငယ် လျော့ကျတတ်ပါတယ်။ ရိတ်သိမ်းခါနီး မရိတ်သိမ်းခင် အပင်ပေါ်မှာ မိုးမိတာမျိုးကို သတိထားရတာပါ။ ပဲအားလုံး ဝါသွားတာတော့ မဟုတ်ပေမယ့်၊ ပဲတီစိမ်းတွေထဲမှာမှ တစ်စေ့တစ်လေက ဝါနေတာမျိုးဆိုရင်ကို အရည်အသွေးကြောင့် ဈေးလျှော့ခံရတတ်ပါတယ်။ ပုံမှန်ရမယ့်ဈေးထက် ၂၀၀၀ ကျပ်လောက် ဈေးကွာသွားတတ်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။
ပဲတီစိမ်းပင်စိုက်ပျိုးရာတွင် အများအားဖြင့် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဖေဖော်ဝါရီလတွင် ခူးဆွတ်ရိတ်သိမ်းလေ့ရှိကြောင်း သိရသည်။
နန်းထက်ထက်ချစ်