နေပြည်တော် ဇန်နဝါရီ ၇

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာ ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ၌ကျင်းပသော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုး နေသည့်သမဝါယမအသင်းသားတောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေး အပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ပေးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ရာသီအလိုက် သီးနှံများစိုက်ပျိုးကြမည့် တောင်သူများ၏ ပန်းတိုင် အထွက်နှုန်းတိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားပြီး ကြွေးမြီကင်းရှင်းသော မိသားစုဘဝများ ပိုင်ဆိုင်စေလို၍ ဖြစ်ကြောင်း၊ ဆောင်းသီးနှံပဲတီစိမ်းနှင့် နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြ စေလို ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့နယ်၊ မိချောင်းတစ်ရာ ကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးနေသည့် သမဝါယမအသင်းသား တောင်သူ (၁၀၁) ဦးအတွက် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် အောင်မြန်မာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း လီမိတက်၏ ပဲတီစိမ်းစိုက်ကွက်အား ကြည့်ရှုအားပေးပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရန် မှာကြားသည်။

 

ကန်ကြီးထောင့်မြို့နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပဲတီစိမ်း (၉၃၇) ဧကနှင့် နွေစပါး (၄၃၄) ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ညောင်တုန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၌ ဝန်ကြီးဌာနရှိ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး  ထောက်ပံ့ငွေများ ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)