ပခုက္ကူ  ၂၁  မေ

 

ပခုက္ကူမြို့နယ်၊ ညောင်ပင်အုပ်စု၊ ညောင်ပင်ကျေးရွာတွင် မေလဆန်းပိုင်းမှစတင်စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများ ပထမအသုတ် ခူးဆွတ်ရောင်းချနိုင်၍ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေအဖြစ် စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ညောင်ပင်ကျေးရွာတွင် ပဲတီစိမ်းဧကပေါင်း ၅၀ကျော်ကို မတ်လ (ပထမအပတ်)မှ စတင်စိုက်ပျိုး ခဲ့ကြကြောင်း၊ စိုက်ပျိုးပြီး နှစ်လနှင့်(၇)ရက်ပြည့်၍ ပထမသုတ်အဖြစ် တိုက်ရိုက်ခူးဆွတ်ကြကြောင်း၊ ထိုသို့ခူးဆွတ်ရာ တစ်ဧကလျှင် ၁၅ တင်းထွက်ရှိ ပြီး ပဲတီစိမ်းတစ်တင်းကို သုံးသောင်းကျပ်ဖြင့် ရောင်းချ နိုင်ခဲ့ကြောင်း ညောင်ပင်ကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးရောင်းချသူ ဦးညီညီက ပြောသည်။

 

ယခုလက်ရှိ ရာသီဥတုအတိုင်းပုံမှန်ကောင်းနေလျှင် နောက်ထပ်နှစ်ပတ်ခြားစီ ခူးဆွတ်မည့် ဒုတိယသုတ်နှင့် တတိယသုတ်ပေါင်းတို့တွင် တစ်ဧကလျှင် တင်း ၃၀ ကျော် ထွက်ရှိမည်ဟု ခန့်မှန်း ထားကြောင်း၊ ယခင်နှစ်များတွင်လည်း ပဲတီစိမ်းများစိုက်ပျိုးခဲ့ပြီး တစ်ဧကလျှင် တင်း ၄၀ ကျော် ထွက်ရှိခဲ့ကြောင်း၊ စိုက်ပျိုးသူများမှာ ပဲတီစိမ်း မျိုးစေ့တစ်ပြည်လျှင် ငါးထောင်ကျပ်နှုန်းဖြင့် ဝယ်ယူ စိုက်ပျိုးကြပြီး တစ်ဧကကို မျိုးစေ့ရှစ်ပြည် ခန့်ချရကြောင်း၊ ပဲတီစိမ်းစိုက်ခင်းကို ရေငုပ်ရေသွင်း စိုက်ပျိုးရပြီး ထွန်ယက်ခ၊ မျိုးစေ့၊မြေဩဇာနှင့်အခြား ရင်းနှီးမှု စုစုပေါင်း (၂၂) သိန်း ကုန်ကျရကြောင်း ဦးညီညီက ဆက်လက်ပြောပြသည်။

 

ပခုက္ကူမြို့နယ်၊ ညောင်ပင်အုပ်စုတွင် ပဲတီစိမ်းစိုက်ဧက(၁၀ဝ)ကျော်ရှိပြီး တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းအဖြစ် အောင်မြင်စွာ ခူးဆွတ်ရောင်းချနိုင်သောကြောင့် စိုက်ပျိုးလုပ်ကိုင်သူ များပြားလျက် ရှိကြောင်းသိရသည်။

 

 

ဆလိုင်းကိုကီး