ပဲတီစိမ်းဈေးနှုန်းများ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် တစ်သောင်းကျော် ပြန်လည်မြင့်တက်လာ

မန္တလေး ၅ ဇူလိုင်

မန္တလေးဈေးကွက်တွင်ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်အထိ ဈေးဆက်တိုက် ကျဆင်းနေသော ပဲတီစိမ်း ဈေးနှုန်းများ အပြိုင်ဝယ်လိုအားကြောင့် ယခုရက်ပိုင်းအတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းကျော် ပြန်လည်မြင့်တက်လာကြောင်း မန္တလေး ပဲကုန်သည်များမှ ပြောကြားသည်။

အဆိုပါပဲတီစိမ်းမှာ ဇွန်လနောက်ဆုံးပတ်က သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၂၀ဝ၀ နှုန်းအထိ ကျဆင်း နေသည့်အပြင် အရောင်းအဝယ်မှာလည်း အေးစက်ငြိမ်းသက်နေခဲ့ပြီး ယခုရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကြောင့် ဇူလိုင် ၄ ရက်တွင် ကျပ်တစ်သိန်းသုံးထောင်အထိ ပေါက်ဈေးရှိခဲ့ပြီးသုံးတင်းဝင်တစ်အိတ်လျှင်ကျပ်တစ်သောင်းကျော် ဈေးနှုန်းပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ဒီပဲတီစိမ်းကို အိန္ဒိယဝယ်လက်တွေက အနည်းငယ်ပဲ ဝယ်ယူမှုရှိပြီး တရုတ်ဝယ်လက်တွေကပဲ ထွက်သလောက် ဝယ်ယူနေကြပေမယ့် ဈေးကွက်ကို နယ်စုံက ဝင်နေတဲ့အတွက် ထုံးစံအတိုင်း ပစ္စည်းလှိုင်နေတော့ ဈေးကို ဆွဲချတာပေါ့။ အခု ဇူလိုင်လဆန်းမှာ အိန္ဒိယက တန်ချိန် တစ်သိန်းခွဲ ဝယ်ယူမယ်ဆိုတဲ့ စာချုပ်အတိုင်း အလုံးအရင်းနဲ့ အပြိုင်အဆိုင် ဝယ်ယူလာတဲ့အတွက် ဈေးပြန်တက်လာတာပါ။ ဒါ့အပြင် ဒီရက်ပိုင်းမှာ ပခုက္ကူ၊ တပ်ကုန်း၊ ရမည်းသင်း စတဲ့ နယ်တွေက ထွက်တဲ့ ပဲတီစိမ်းတွေကလည်း အိန္ဒိယဝယ်လက်ကြောင့် မန္တလေးဈေးကွက်ကို ဝင်မလာတော့ပဲ ရန်ကုန်ကို တိုက်ရိုက် တင်ပို့နေကြလို့ မန္တလေးဈေးကွက်ကို နယ်ပေါင်းစုံက ဝင်ရောက်လာခြင်း မရှိတော့တဲ့အတွက်လည်း ခုလို ဈေးပြန်တက်လာတာပါ'' ဟု မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။

ထို့ပြင် ယခု မိုးလယ်ကာလတွင် ထွက်ရှိသည့် ရွှေဘိုပဲတီစိမ်း(အသစ်)များမှာလည်း မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လျက်ရှိရာ ဝယ်လိုအားကောင်းနေသဖြင့် လက်ရှိပေါက်ဈေးအောက်သို့ ပြန်လည်ကျဆင်းသွားဖွယ် မရှိနိုင်ကြောင်း ၎င်းက ဆက်လက်သုံးသပ်ပြောဆိုသည်။

ပဲတီစိမ်းမှာ စပါးကဲ့သို့ တစ်နှစ်ပတ်လုံး သီးထပ်စိုက်ပျိုးနိုင်သည့် သီးနှံဖြစ်ခြင်းကြောင့် ပြည်ပပို့ကုန်အဖြစ် မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အဓိက အားထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)