မင်းဘူး ၂၄ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများ စိုက်ပျိုးရေး လုပ်သားရှားပါးသည့် အခက်အခဲကို ဖြေရှင်းနိုင်စေရန်နှင့် လုပ်သားကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်များ ရရှိနိုင်စေရန် ရည်ရွယ်၍ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ယမန်နေ့က ဉယျာဉ်ဇင်ကျေးရွာ တောင်သူ ဦးသောင်းဌေးစိုး၏ လယ်မြေတွင် GAP စနစ်ဖြင့် စိုက်ပျိုးထားသော ပဲတီစိမ်း ၅ ဧက စံပြကွက်၌ စမ်းသပ်သရုပ်ပြရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ပဲတီစိမ်းတစ်ကွက်ကို ပုံမှန်ကတော့ ၃ ကြိမ်ကောက်ရတယ်၊ တစ်ကြိမ်ကောက်ရင် လုပ်သား ၁၀ ယောက်သုံးရတော့ လုပ်သားကုန်ကျစရိတ်များတယ်၊ လုပ်သားခတစ်ရက်ကို ကျပ် ၃၀၀၀ လောက် ပေးရတယ်၊ အခုလိုစမ်းသပ်ပြီး စက်နဲ့ရိတ်သိမ်းတာ တစ်မနက်ကို ၅ ဧက လောက်ပြီးတယ်၊ ထွက်နှုန်းလည်းမကျဘူး၊ လုပ်သားခဆို ထက်ဝက်လောက် သက်သာသွားတယ်၊ မျိုးစေ့ထုတ်လုပ်တဲ့သူဆိုပိုပြီး တွက်ချေကိုက်ပါတယ်” ဟု ပဲတီစိမ်းစိုက်တောင်သူ ဦးသောင်းဌေးစိုးက ပြောသည်။
တစ်ဧကကုန်ကျစရိတ်ကို ပျမ်းမျှတွက်ချက်ပြီး သုတေသနပြုလုပ်ကာ အသက်သာဆုံးနည်းလမ်းဖြင့် အကျိုးအမြတ် အများဆုံးရမည့်စနစ်ကို တောင်သူများထံ ချပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရေဆင်း) ပဲမျိုးစုံသီးနှံဌာနစိတ်မှ ဒေါက်တာမာမာဝင်းမှ ရှင်းပြသည်။
“တောင်သူများအနေနဲ့ ရာသီဉတုပြောင်းလဲမှု၊ လုပ်သားရှားပါးမှု၊ ဈေးကွက်မတည်ငြိမ်မှုစတဲ့ အခက်အခဲမျိုးစုံတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်၊ လုပ်သားရှာပါးမှုကြောင့် ပေါင်းထိုး၊ သားခွဲ၊ ဆေးဖျန်း၊ ရိတ်သိမ်းခြင်း စတဲ့လုပ်ငန်းတွေကို အချိန်မီ မဆောင်ရွက်နိုင်တဲ့အတွက် ဒီလုပ်သားရှားပါးတဲ့ ပြဿနာက တောင်သူတွေအတွက် များစွာအခက်ခဲဖြစ်ပေါ်စေပါတယ်၊ အဲဒီပြဿနာကို စက်ကိရိယာ အသုံးပြုဖြေရှင်းလို့ ရတယ်ဆိုတာကို တောင်သူတွေအနေနဲ့ လက်တွေ့ပြသပြီး လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ကို လိုက်ပါပြောင်းလဲလာနိုင်စေဖို့ ရည်ရွယ်ပြီးတော့ ယခုလိုစမ်းသပ် သရုပ်ပြရိတ်သိမ်း ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းနိုင်ဝင်းက ပြောသည်။
အဆိုပါ ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စမ်းသပ်သရုပ်ပြ ရိတ်သိမ်းခြင်းကို ဒေသခံတောင်သူများကလည်း စိတ်ဝင်တစား လာရောက်ကြည့်ရှု လေ့လာကြပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း) မှ ပဲမျိုးစုံသီးနှံဌာနစိတ်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မောင်မောင် (မင်းဘူး)


