သီဟစည်သူ
မိမိတို့မြန်မာနိုင်ငံသားများသည် စိတ်အေးချမ်းသာယာမှုကို မြတ်နိုးကြသည်။ မရှိလည်းအေး၊ ရှိလည်းအေး ငြိမ်းငြိမ်းချမ်းချမ်း နေလိုကြသည်။ သို့သော် ထိုသို့မနေရပါချေ။ ခေတ်အဆက်ဆက် လက်နက်ကိုင် ပဋိပက္ခများကြောင့် မျက်ရည်ပေါက် ကြီးငယ်ကျခဲ့ကြရသည်။ အထုပ်ကိုယ်စီဆွဲ၍ ပြေးခဲ့လွှားခဲ့ကြရဖူးသည်။ ယခုတိုင်လည်း ဤဒုက္ခမျိုး ငြိမ်းကြပြီဟု မဆိုနိုင်သေးပေ။
လက်ရှိတောက်လောင်နေဆဲဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် ယခင် ကိုလိုနီ လက်ထက် ကတည်းက ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့်ဖြစ်သည်။ ထိုသို့ သွေးခွဲအုပ်ချုပ်မှု၏ အကျိုးဆက်များကြောင့် တိုင်းရင်းသားချင်း၊ လူမျိုးစုချင်းအကြား သွေးကွဲခဲ့ရပြီး တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရသည်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန် ဒီမိုကရေစီခေတ်တွင် နိုင်ငံရေးကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသား အရေးကွဲပြားမှု၊ အယူဝါဒ ရေးကွဲပြားမှုများမှတစ်ဆင့် အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင် ဆန့်ကျင်မှုများမှာ ယနေ့တိုင် တည်ရှိနေသော လက်နက်ကိုင်ပဋိပက္ခများ၏ အခြေခံဇာစ်မြစ်ပင် ဖြစ်သည်။
ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထား
(၇၅) နှစ်တည်းဟူသော အချိန်ကာလသည် ငြိမ်းချမ်းရေးသာ ရနေမည်ဆိုပါက ကိုယ့်နိုင်ငံ ရေမြေသဘာဝ၊ အခြေခံ သယံဇာတ အရင်းအမြစ်များနှင့်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးရေးသည် အတိုင်းအတာတစ်ခုအထိ ခရီးပေါက်နေမည်ဆိုသည်ကို မှန်းဆကြည့်လျှင် မြင်နိုင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးသာရမည်ဆိုပါက အတိုင်းထက်အလွန် လိုချင်ကြသူများသာဖြစ်သည်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သည်ရှိသလို လက်ရှိကာလ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဟူ၍ လည်းကောင်း၊ “စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်” ဟူ၍ လည်းကောင်း အတိအလင်းကြေညာပြီး ငြိမ်းချမ်းရေး တံခါးကို ဖွင့်ထားပေးလျက်ရှိပါသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU-KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့အကြား ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် ပြည်တွင်း၊ ပြည်ပ အသိသက်သေများရှေ့မှောက်တွင် သဘောတူ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။
ဆက်လက်၍ ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့အထိ NCA တွင် ပါဝင်လာခဲ့သည်။ ထို့ကြောင့် အောက်တိုဘာ ၁၅ ရက်နေ့သည့် NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် (၈) နှစ် မြောက်နှစ်ပတ်လည်နေ့ပင်ဖြစ်သည်။
ငြိမ်းချမ်းရေး သန္နိဋ္ဌာန်
ယင်း NCA စာချုပ်၏ နိဒါန်းတွင် “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ယခင်ချုပ်ဆိုခဲ့သော သဘောတူချက်များအား ထပ်လောင်းအသိအမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်း၊ ထပ်ဆင့် အတည်ပြုခြင်းဖြစ်ပြီး၊ ပါဝင်သင့်သူအားလုံး ပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲများမှတစ်ဆင့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့အပေါ် အခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်သည်။
ဤတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးကြသော ကျွန်ုပ်တို့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ ဤသဘောတူ စာချုပ်ပါအချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင်အထည် ဖော်ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဋ္ဌာန် ပြုကြသည်။” ဟူ၍ ပါရှိသည်။
သို့သော်လည်း NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် တပ်မတော်၏ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့ရမှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး NCA သဘောတူညီ ချက်များကို ချိုးဖောက်ခဲ့သဖြင့် NCA စာချုပ် ပျက်ပြယ်ပြီဟု အခြေအမြစ်မရှိ ပြောဆိုမှုများရှိလာသည်။
ယင်းကိစ္စနှင့် ပတ်သက်၍လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်၍ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ရေး တပ်မတော်အနေဖြင့် အမြဲဖိတ်ခေါ်လမ်းဖွင့်ထားကြောင်း” NCA အပေါ် သဘောထားကို အတိအလင်းပြောကြားထားပြီး ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အကြမ်းဖက်အဖွဲ့အစည်းကို အားပေးထောက်ခံနေသည့် အဖွဲ့များမှလွဲ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချမှတ်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည်ဟုလည်း ထပ်ဖန်တလဲလဲ ပြောကြားထားပြီးဖြစ်သလို ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေဆဲပင်ဖြစ်သည်။
ပြည်ထောင်စု လက္ခဏာ
စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟုဆိုရာတွင် ဖက်ဒရယ်စနစ်နှင့် ပြည်ထောင်စု၏ အဓိပ္ပာယ်ကို အမျိုးမျိုးဖွင့်ဆိုကြ သည်။ အမှန်စင်စစ် ယင်း၏အနှစ်သာရမှာ “ပေါင်းစည်းခြင်း” နှင့် “သဟဇာတဖြစ်မှု” ပင် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ချုပ်ဆိုခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း (၃) ၏ အပိုင်း (၁) ပါ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များ တွင်လည်း “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသား လက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာ စကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စုလက္ခဏာ တစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင် ရန်” ဟုပါရှိသည်။
ထိုသဘောတူညီချက်ပါ “ပြည်ထောင်စု လက္ခဏာဆိုသည်မှာ စည်းလုံးညီညွတ်သည့် တစ်ခုတည်းသော ပြည်ထောင်စုဖြစ်သည်” ဆိုသည့် အချက်ပင်ဖြစ်သည်။ ထိုသို့ တစ်ခုတည်းသော ပြည်ထောင်စုအဖြစ် အတူတကွ ပေါင်းစည်းနေထိုင်ဖို့၊ သဟဇာတဖြစ်ဖို့အတွက် လိုက်နာရမည့် တာဝန်များ၊ စောင့်ထိန်းရမည့် ဝတ္တရားများ၊ ရရှိလာမည့် အခွင့်အရေးများ၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် တည်ဆောက်ကြရာတွင် လက်ရှိ ရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ နိုင်ငံရေး ပြဿနာပင်ဖြစ်သည်။ ထိုပြဿနာကို ဖြေရှင်းရေး သည် လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်း၍မရနိုင် ဘဲ ဒီမိုကရေစီနည်းလမ်းဖြစ်သည့် ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်းနည်းလမ်းဖြင့် ဖြေရှင်း ဆောင်ရွက်နိုင်မည့် “၂၁ ရာစု နိုင်ငံရေး ယဉ်ကျေးမှု သစ်တစ်ရပ်” ကို ဖော်ဆောင်ပြီး ဘုံသဘောတူညီ ချက်များရရှိအောင် ဆက်လက်လုပ်ဆောင်သွားကြရ မည်ဖြစ်သည်။
အစွမ်းထက်ဆုံး လက်နက်
ငြိမ်းချမ်းရေးဖခင်ကြီး မဟတ္တမဂန္ဒီက “ငြိမ်းချမ်းရေးသည် လူသားတို့အတွက် အစွမ်းထက်ဆုံး လက်နက်ဖြစ်သည်- Peace is the most powerful weapon of mankind.” ဟု ဆိုခဲ့သည်။ ထို့ကြောင့် NCA စာချုပ်သည် လက်နက်ကိုင် လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံသည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း တစ်ခုပင်ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီးနောက် ခေတ်အဆက်ဆက် အစိုးရများမှသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်အထိ ပဲ့တင်ထပ်မျှ ဖိတ်ခေါ်လျက်ရှိသော ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ခိုင်ခိုင်မာမာ ရပ်တည်၍ နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည်ဆောက်ရေး ဆောင်ရွက်ကြရာ၌ ဟိုးယခင်ကရှိခဲ့သည့် အတွေးအမြင်များကို ခေတ်စနစ်နှင့်လျော်ညီသည့် အတွေးအမြင်များဖြင့် အစားထိုးပြီး လူမျိုးစွဲ၊ ဝါဒစွဲများကို စွန့်လွှတ်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ဖြစ်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့ကို ရှေးရှုချီတက်ကြရမည် ဖြစ်ပါကြောင်း။