စံလွင် (ငါးဦးစီး)

 

ခါချဉ်ထောင်းကို တောင်ကြီးရောက်ခဲ့စဉ်က စားဖူးတာပါ။ စဉ့်ဟယဈေးထဲမှာ ပအိုဝ်းအမျိုးသမီးကြီးတွေ အရောင် နီနီ အကောင်လေးတွေ ပုံပြီး ရောင်းနေတာတွေ့လို့ မေးကြည့်တော့ ခါချဉ်တွေဖြစ်ပါသတဲ့။ အသင့်ထောင်း စားရုံပဲလို့ ပြောပါတယ်။ ဝါးငှက်ပျောဖက်လေးတွေ ခင်းပြီး အပေါ်မှာ ခါချဉ်ကောင်လေးတွေ စုပုံထားပြီး အပေါ်ကနေ လက်ဖက်ရည် အကြမ်းပန်းကန်လုံးလေး တစ်လုံး တင်ထားပါတယ်။ ဈေးမေးကြည့်တော့ လက်ဖက်ရည် ပန်းကန်တစ်လုံး ကျပ်၃၀၀ နှစ်လုံးယူရင် ကျပ် ၅၀၀ ပါတဲ့။ အတူပါလာတဲ့ မိတ်ဆွေကိုမေးကြည့်တော့ ခါချဉ်ထောင်း ထောင်းစားရတာလို့ ပြောပါတယ်။ မရမ်း သီးထောင်း၊ မန်ကျည်းသီးထောင်းသလို ထောင်းစား၊ အရသာက ချဉ်ပြုံးပြုံးနဲ့ ထမင်းမြိန်တယ်လို့ပြောပါတယ်။

 

မိမိတို့ငယ်စဉ်က ခါချဉ်နဲ့ဖော်တယ်ဆိုတဲ့ ခါချဉ်လျက်ဆား စားဖူးပါတယ်။ အရသာက ချဉ်ပြုံးပြုံးရှိတာမို့ ကလေးတွေ ကြိုက်ကြပါတယ်။ ခါချဉ်ဥတွေကိုလည်း ဟင်းလျာအဖြစ် ကြော်စားကြတယ်လို့ ကြားဖူးပါတယ်။ ရောင်းသူ ပအိုဝ်းအမျိုးသမီးကြီးကို ခါချဉ်ထောင်းပုံထောင်း နည်းမေးကြည့်တော့ မျှင်ငါးပိ၊ ငရုတ်သီးစိမ်း၊ ကြက် သွန်ဖြူနဲ့ မြေပဲလှော် နည်းနည်းထည့်ပြီး ထောင်းပါလို့ နည်းပေးပါတယ်။ ဈေးကအပြန် ရောက်ရောက်ချင်းပဲ ပအိုဝ်းအမျိုးသမီးကြီး ပေးလိုက်တဲ့ နည်းအတိုင်း ထောင်းကြည့်ပါတယ်။

 

ဦးစွာ ခါချဉ်များကိုရေဆေးပြီး ရောပါနေတဲ့ သစ်ရွက် အမှိုက်သရိုက်များဖယ်ကာ ဒယ်အိုးတစ်လုံးမှာ ခြောက် သွားအောင် ထည့်လှော်ရပါတယ်။ (အကောင်လေးများ ကြွပ်ရုံသာလှော်ရပြီး အကျက်လွန်မသွားရန် သတိထားပါ။)

 

မျှင်ငါးပိကို အကျက်ညီအောင် မီးကင်ပြီး ကြက်သွန်ဖြူ နဲ့ ငရုတ်သီးစိမ်းတောင့်တွေကို အသင့်ပြင်ထားပါ။ အားလုံးပြီးပါက ဆုံထဲတွင် မြေပဲကိုဦးစွာထည့်၍ လေးစိတ်ကွဲထောင်းပါ။ ပြီးကကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း တွေကို ခပ်ညက်ညက် ထောင်းပြီးမှ လှော်ထားတဲ့ ခါချဉ်လေးများထည့်ကာ သာသာထောင်းပါ။ နောက်ဆုံးမှ မျှင်ငါးပိကင်ထည့်ပြီး အားလုံးသမသွားအောင် ဖွဖွထောင်းပါ။ ခါချဉ်ထောင်းကို ဆုံမှတော်ကာ ပန်းကန်တစ်ချပ် တွင်ထည့်ပြီး အသင့်စားသုံးနိုင်ပါတယ်။ ခါချဉ်ထောင်း အရသာက ခါချဉ်ရဲ့ ကွဲပြားတဲ့ အချဉ်အရသာကြောင့် ထူးခြားပါတယ်။ ချဉ်ပြုံးပြုံးအရသာမှာ အငန်အစပ် ပါဝင်နေတာကြောင့် ချဉ်ငန်စပ် အရသာပေါ်လွင်နေပြီး နှုတ်မြိန်စေတဲ့ အရံဟင်းလျာတစ်ခွက်ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။

 

ကြေးမုံ