ဟိုပုံး စက်တင်ဘာ ၂၈

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်းကို စက်တင်ဘာ ၂၇ ရက်က စံဖူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပေးအပ်ခဲ့သည်။

 

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍  ခိုင်းနှင်းဝေဖောင်ဒေးရှင်းမှ အလှူရှင်များက စံဖူးဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဣန္ဒအား သွားရောက်ဖူးမြော်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားပြီး ရေဘေးသင့်အိမ်ထောင်စု (၂၆၁)စုအတွက် အိမ်ထောင်စု (၁)စုလျှင် ငွေကျပ် သိန်း(၂၀)စီဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၅၂၂၀)အားလည်းကောင်း၊ သေဆုံးသူ(၂၆) ဦးတို့အတွက် (၁)ဦးလျှင် ငွေကျပ် (၁၀)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၂၆၀)အားလည်းကောင်း စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း (၅၄၈၀) တို့ကို ရေဘေးသင့်ကျေးရွာများဖြစ်သည့် စံဖူးကျေးရွာ၊ နောင်စုံကျေးရွာ၊‌ ကျောက္ကချားကျေးရွာ၊  တလျနိုးကျေးရွာ၊ ထမ်းအယ်ကျေးရွာ၊ ဗန်းစောက်ကျေးရွာ၊ လိုက်ကန်ကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားသည်။

 

ဟိုပုံးမြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့‌ပေါ်ရပ်ကွက် (၆) ခုနှင့် ကျေးရွာပေါင်း (၃၀)တို့တွင် ရေဘေးအန္တရာယ်ကြောင့် သေဆုံးသူ (၂၆) ဦး၊ ထိခိုက်ပျက်စီးခဲ့သည့် နေအိမ် (၂၆၁)အိမ်ရှိပြီး လမ်း၊ တံတားများ၊ တိရစ္ဆာန်များနှင့် စိုက်ခင်းများပျက်စီးဆုံးရှံးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး  ရပ်နီး/ရပ်ဝေးဒေသများမှ အလှူရှင်များကလည်း မဲနယ်တောင်ဒေသ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား နေ့စဉ်လာရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)