ဆီဆိုင် ၆ အောက်တိုဘာ         

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာ အုပ်စုအတွင်းတွင်ရှိသော ပွန်ချောင်းကိုဖြတ်၍ တောင်ဘက်ကမ်းနှင့် မြောက်ဘက်ကမ်းကို ဆက်သွယ် ထားသည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး-နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်း တံတားအမှတ်(၉/၄၅) ပွန်ချောင်းတံတားကြီး တည်ဆောက်မှုရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အကြီးဆုံးတံတားတစ်စင်း ဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါပွန်ချောင်း ချောင်းကူးတံတားကြီးသည် အရှည်ပေ(၁၉၀)ပေ၊ အကျယ်(၂၄)ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေစီ၊ အမြင့်(၄၅)ပေ၊ တံတားခံနိုင်ဝန်(၇၅)တန် (ယာဉ်တစ်စီးချင်း)၊ တံတားအခန်းဖွဲ့စည်းပုံမှာ  ပေ ၄၀ ခန်း ၁ ခန်း၊ ပေ ၁၀၀ ခန်း ၁ ခန်း၊ ပေ ၅၀ ခန်း ၁ ခန်းပါရှိကာ သံမဏိသံပေါင် + သံကူကွန်ကရစ်ရက်မ+ သံကူကွန်ကရစ်ကြမ်းခင်းအမျိုးအစား ဖြစ်ပြီး ကျွန်းတောင်-ကျောက်တစ်လုံးကြီး-နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်ကို ဆက်သွယ်ထားသော တံတားကြီးဖြစ်သည်။

 

တံတားကြီးကို တံတားအထူးအဖွဲ့(၁၂)မှ ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၉၇၄.၅)သန်းဖြင့် တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ယူ၍ 2018-2019 ဘဏ္ဍာနှစ်မှ စတင် တည်ဆောက်ခဲ့ရာ တံတားပြီးစီးမှုအား အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်က တံတားအထူးအဖွဲ့ (၁၂) ရွှေညောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသောင်း၊ တောင်ကြီးခရိုင် လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့/ပြ) ဦးမျိုးလွင်၊ ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတို့က သွားရောက် ကြည့်ရှုပြီး တံတားကို အောက်တိုဘာ ၉ ရက်နေ့တွင် ဖွင့်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားကြီး ပြီးစီးပြီဖြစ်၍ ကျွန်းတောင်-ကျောက်တစ်လုံးကြီးမြို့- ဆီဆိုင်မြို့နယ်နှင့် မောက်မယ် မြို့နယ်သို့ ဆက်စပ်သွားလာမှု ပိုမိုမြန်ဆန်ပြီး ကျေးလက်နေပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ လူမူရေး၊ စီးပွားရေးများပါ ဖွံ့ဖြိုးတိုးတက်ကာ ကုန်စည်စီးဆင်းမှု ကောင်းမွန် လာတော့မည်ဖြစ်သည်။

ခွန်ရဲထွေး(ဆီဆိုင်)