ဟိုပုံး ၄ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီမှစ၍ စံဖူးကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုတို့တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ပါရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေးအတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာဦးစီးမှူးရုံးမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်း စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနဲ့အညီ ကျေးရွာအရောက် ပြုလုပ်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နေအိမ်ပြင်ပထွက်သည့်အခါတိုင်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးမပြုလုပ်ကြနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန်တို့ကို ပြောကြားသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သွင်ဦးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဟိုပုံးမြိုနယ်၊ စံဖူးကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသော ပြည်သူ(၂၄၀)ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


