နေပြည်တော် ၂၉ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်ပြီး တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကို ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီ ချထားပေးပြီး ကျေးရွာပေါင်း(၇)ရွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
အဆိုပါ Cash For Work စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးပေးပြီး ကျေးရွာသူ/ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
Cash For Work စီမံကိန်းသည် ကျေးရွာ၌ အလုပ်လက်မဲ့ဖြစ်နေသူများ၊ ဝင်ငွေမရှိသူများ၊ အမျိုးသမီးဦးဆောင်သည့် အိမ်ထောင်စုများကို ဦးစားပေးပြီး စီမံကိန်းလုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင်စေခြင်းဖြင့် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်နေ့လုပ်အားခအနေဖြင့် ကျား/မ မရွေး လုပ်အားခငွေ ကျပ် ၅၀၀၀ နှုန်းဖြင့် လက်ငင်းပေးချေ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။ Cash For Work စီမံကိန်းဆောင်ရွက်သည့်အခါတွင် ခွင့်ပြုရန်ပုံငွေ၏ (၂၀ ရာခိုင်နှုန်း)ကို လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုစေပြီး ကျန်ရှိသည့် (၈၀ ရာခိုင်နှုန်း)ကို လုပ်အားခအနေဖြင့် ပေးချေဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပင်လောင်းမြို့နယ်အတွင်း Cash For Work စီမံကိန်းအား ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ရွာကြီးကျေးရွာ၊ ဆီဆုံကုန်းကြီးကျေးရွာ၊ ကျောက်မိုးကျေးရွာ၊ ပင်သပြေရွာသစ်ကျေးရွာ၊ ကပ္ပတိန်ကျေးရွာ၊ ပင်ခင်(ရှေ့)ကျေးရွာနှင့် တကူးမို့ ကျေးရွာ စုစုပေါင်း ကျေးရွာ(၇)ရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း၊ အဆိုပါကျေးရွာများမှာ တောင်ပေါ်ဒေသဖြစ်သည့်အတွက် မိုးရွာသွန်းမှုများပြားခြင်း၊ ကုန်းတက်ကုန်းဆင်းများရှိခြင်းတို့ကြောင့် ရေရှည်တည်တံ့နိုင်ရန်အတွက် ပြင်ဆင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများကို ကျေးရွာကော်မတီများ၏ ဦးဆောင်မှုဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းကို ကျေးရွာသူ/ ကျေးရွာသားများအား သိရှိနားလည်နိုင်စေရန်အတွက် ပင်လောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ချပြရှင်းလင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညီညီသန်း(နေပြည်တော်)