ပင်လောင်း  ၁၈  နိုဝင်ဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၁၅၅ ဒသမ ၉၇၅ သန်း အသုံးပြုကာ ကျေးရွာ ၁၇ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပင်လောင်းမြို့နယ် ကျေေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောက်သုံးရေများ ဖူလုံစွာရရှိရေးအတွက်  ဦးစာပေး ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေနှင့် ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၁၅၅ ဒသမ ၉၇၅သန်းဖြင့်  ရေခေါင်းတို၊ လက်ပံပင်၊ ဉာဏ်ပင်၊ ပင်သဖြူး၊ မြေဖြူ၊ ခေါ်ပူးစသည့် ကျေးရွာခြောက်ရွာတွင် စိမ့်စမ်းရေ အဆင့်မြှင့်တင် သွယ်ယူခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ကွန်ချဉ်(မြောက်)ကျေးရွာတွင် မြေသားရေကန်နံရံ ကျောက်ရိုးစီခြင်း လုပ်ငန်းကိုလည်းကောင်း၊ လွယ်တက်(တောင်)၊ ခြမ်းရွာ၊ စင်းစုတ်၊ တီးလုံ၊ မွန်းပင်၊ ပြင်သာ၊ ဘုရားဖြူ၊ လုံးပိုး၊ လင်ဖုံ၊ ပင်ထုံ စသည့် ကျေးရွာ ၁၀ ရွာတွင် ရေစုကန်တည်ဆောက်ခြင်း လုပ်ငန်းများကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါလုပ်ငန်းများ အပ်နှံဆောင်ရွက်နိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ပင်လောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်း ပြောပြချက်အရ သိရသည်။

 

“ကျွန်တော်တို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ကျေးလက်ဒေသများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ ပင်လောင်းမြို့နယ် အတွင်းမှာတော့ ယခင်က  သွယ်ယူထားသော စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများကို အဆင့်မြှင့်တင်တာတွေ၊ ရေစုကန်များထပ်မံတည်ဆောက်တာတွေကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက်နေတယ်လို့” မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းက ဆက်လက်ပြောပြသည်။

 

အဆိုပါ ကျေးရွာ ၁၇ ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ ၁၇ ရွာရှိ အိမ်ခြေ ၁၄၈၄ အိမ်၊ လူဦးရေ ၇၇၈၅ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)

 

mdn