နောင်တရားမြို့ ၂၈ စက်တင်ဘာလ
ကျေးလက်တောင်ပေါ်ဒေသများ လူနေမှုမြင့်မားလာစေရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် တောင်ပေါ်ဒေသများ မြေသားလမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့တွင် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒေသဦးစီးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တကူးမို့ကျေးရွာ၌ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းအဆောက်အအုံအခြေအနေများနှင့် တကူးမို့မှလယ်ကြားလမ်းပိုင်းအဆင့်မြှင့်တင်နိုင်ရေးအတွက် လမ်းပိုင်းအခြေအနေများကိုလည်းကောင်း ကြည့်ရူစစ်ဆေးသည်။ ဆက်လက်၍ လယ်ကြားကျေးရွာ၌ ဒေသခံများနှင့် တွေ့ဆုံကာအမှာစကားပြောကြားပြီး ဒေသခံများက မိမိတို့လိုအပ်လျက်ရှိသော လမ်းတံတားများနှင့် ပညာရေးအခြေအနေများကို တင်ပြကြသည်။
ထ့ိုနောက် လယ်ကြားကျေးရွာနှင့် မြောက်ထီဗွာသို့ ဆက်သွယ် ဖောက်လုပ်ထားသော မြေသားလမ်း အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ ထ့ိုနောက်မြောက်ထီဗွာကျေးရွာ၌ ဒေသခံများတွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး အခြေအနေများကို ဆွေးနွေး၍ မြောက်ထီဗွာကျေးရွာနှင့် တပ်အုန်းကျေးရွာလမ်းပိုင်းအား ကြည့်ရှုစစ်ဆေးကာ တပ်အုန်းဘုန်းတော်ကြီး ကျောင်း၌ ဒေသခံများနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက် ဆောင်ရွက်မည့် စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး အခြေအနေများကို လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက အမျိုးသားလွှတ်တော်၏ ဆောင်ရွက်နေသည့် အခန်းကဏ္ဍများကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းက ပြည်သူ့ လွှတ်တော်၏ဆောင်ရွက်ချက်များကို ချပြဆွေးနွေးခဲ့ပြီး ဒေသခံများက လိုအပ်သည်များကို တင်ပြတောင်းဆိုကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)