သထုံ  ၈  ဒီဇင်ဘာ 

 

ပအိုဝ်းတိုင်းရင်းသားတို့၏ရိုးရာ နှစ်သစ်ကူးပွဲတော်ကို တတိယအကြိမ်မြောက်အဖြစ် မွန်ပြည်နယ်ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ ၈ ရက်၊ နံနက်က သထုံမြို့၊ ရွှေစာရံစေတီတော်ဝင်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ စည်ကားစွာဖြင့် ကျင်းပပြုလုပ်သည်။

 

 

ရှေးဦးစွာ  နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် စေတီတော်ရင်ပြင်တော်၌ သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များကို လောင်းလှူကြပြီး သာသနာ့ဗိမာန်တော်၌ အခမ်းအနားကိုကျင်းပရာ တက်ရောက်လာသူတို့က ဆရာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြကာ ပရိတ်တရားတော်နှင့် သြဝါဒစကားများ နာယူကြသည်။

 

ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်နှင့် တာဝန်ရှိသူတို့က မွန်ပြည်နယ်၊ ကရင်ပြည်နယ် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပအိုဝ်းတိုင်းရင်းသား အဖွဲ့အစည်းများအား ပအိုဝ်းသမိုင်းဆိုင်ရာ ပေပုရပိုက်များနှင့် စာအုပ်စာတမ်းများကို ပေးအပ်လှူဒါန်းကာ ပအိုဝ်းသမိုင်း စာပေပညာရှင် ဦးခွန်ထွန်းရှိန်က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မွန်ပြည်နယ်အတွင်းရှိ ပအိုဝ်းကျောင်းသားကျောင်သူ ၁၀၀ ကျော်တို့အား ဘီးလင်းမြို့နယ်၊ စင်္ကာပူခဲမောက်ကျောင်းဆရာတော်၊ ပြည်နယ် ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပြီး တက်ရောက်လာသည့်ယဉ်ကျေးမှု အဖွဲ့များက ရိုးရာယိမ်းအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။

 

 

ပအိုဝ်းနှစ်သစ်ကူးပွဲတော်သို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပအိုဝ်း တိုင်းရင်းသားအဖွဲ့များ၊ သထုံမြို့နယ်အတွင်းရှိ မွန်နှင့် ကရင် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သက်ဦး(သထုံ)