ကိုလင်း
ပြင်သစ်နိုင်ငံ Paris မြို့ ၌ ကျင်းပမည့် ကမ္ဘာ ကျော်အနုပညာရှင်များနှင့် မိတ်ကပ်ပညာရှင်များ တက်ရောက်ကြမည့် Paris Fashion Week 2019 ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် သရုပ်ဆောင် Beauty Blogger မနေခြည်ဦးနှင့် Make Me Beautiful Season 2 မိတ်ကပ်ပညာပြိုင်ပွဲမှ Winner Makeup Artist ဘုန်းငြိမ်းချမ်းတို့ တက်ရောက်ခွင့်ရရှိကြောင်း သိရသည်။ အဆိုပါ Paris Fashion Week 2019 ပွဲကို စက်တင်ဘာ ၂၇ ရက်မှ စက်တင်ဘာ ၃၀ အထိ ကျင်းပမည်ဖြစ်ပြီး L'Oréal, Paris မှ Official Partnerအဖြစ် စီစဉ်သည့် Defile L'Oréal Paris Show ကိုလည်း စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပွဲသို့ သွားရောက်မည့် သရုပ်ဆောင် နေခြည်ဦးက “ ဒီပွဲက နေခြည် ဒုတိယအကြိမ် သွားရောက်မှာ ဖြစ်ပါတယ်၊ ဒီလို Fashion week တွေကို စိတ်ဝင်စားတာက မနှစ်ကမှပါ၊ ပထမတစ်ကြိမ် သွားချိန်မှာ အမှားမှားအလွဲလွဲတွေနဲ့ အမှတ်တရတွေ အများကြီးဖြစ်ခဲ့တယ်။ ဒီနှစ်မှာတော့ နေခြည်ဖက်ရှင်ကို ပိုပြီးစိတ်ဝင်စားလာတယ်၊ နေခြည် Following လုပ်ထားတဲ့ Blogger တွေ၊ ဒီဇိုင်နာတွေအပြင် ကိုယ်ကြိုက်တဲ့ Brand တွေကလည်း Paris မှာ တော်တော်များများရှိပါတယ်၊ ဖက်ရှင်ကို အရင်ကထက် ပိုလေ့လာထားပါတယ်” ဟု ပြောသည်။
အဆိုပါ Paris Fashion Week ကို မြန်မာနိုင်ငံမှ သွားရောက်ခြင်းသည် ယခုနှစ်မှာ တတိယအကြိမ်ဖြစ်ကြောင်း၊ Paris Fashion Week ၏ ယခုနှစ် အခမ်းအနားကို ယခင်နှစ် များနှင့်မတူဘဲ ပဲရစ်မြို့၏ နှစ်ပေါင်း ၁၁၀ဝ ကျော် သက်တမ်းရှိ သမိုင်းဝင် အဆောက်အအုံကြီးဖြစ်သည့် Monnaie De Paris ၌ ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ဖက်ရှင်ရှိုးပွဲတွင် ကမ္ဘာ့နာမည် ကြီး ဒီဇိုင်နာများ၏ လက်ရာများကို ပြသသွား မည့်အပြင် Catwalk Show များနှင့် Run-way Model များအား မိတ်ကပ်ပြင်ဆင် ခြယ်သမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း


