နေပြည်တော်  ဇူလိုင် ၉

 

ပစ္စည်းခွန်ကောက်ခံခြင်းစနစ်အား ပိုမိုကောင်းမွန်သည့်စနစ် ဖြစ်ပေါ်လာစေရေးနှင့် စပ်လျဉ်းသည့် အစည်း အဝေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးစည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေး အဖွဲ့များမှ တာဝန်ရှိသူများနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက ပစ္စည်းခွန် (Property Tax)ကို နိုင်ငံအများစုတွင် ဒေသန္တရအစိုးရမှ သော်လည်းကောင်း၊ မြို့နယ်အစိုးရ (စည်ပင်သာယာရေးကော်မတီ)မှ သော်လည်းကောင်း ကောက်ခံလေ့ ရှိကြပါကြောင်း၊ အခွန်အခြေသတ်မှတ်ချက် (ဥပမာ-အဆောက်အဦ၊ မြေ)၊ အခွန် နှုန်းထား၊ ရာပြတ်တန်ဖိုး သတ်မှတ်ချက်နှင့် ကင်းလွတ်သက်သာခွင့်များသည် ပစ္စည်းခွန် ကောက်ခံရရှိမှု ပမာဏအနည်းအများကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်း။

 

မြန်မာနိုင်ငံတွင် ပစ္စည်းခွန်ကောက်ခံရရှိမှု နည်းပါးစေသည့် အကြောင်းအရင်းများမှာ ပစ္စည်းခွန် ကောက်ခံသည့်စနစ်ကို ပြည်သူများအကြား အလွယ်တကူ နားလည်သဘော ပေါက်အောင် ထိထိ‌ ရောက်ရောက် မကျင့်သုံးနိုင်ခြင်း၊ နှစ်စဉ်ငှားရမ်းခနှုန်းထားများသည် လက်ရှိငှားရမ်းခနှုန်းထက် များစွာလျော့နည်းနေခြင်းတို့ကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၏ တင်ပြချက်များအရ သိရှိရကြောင်း။

 

ပစ္စည်းခွန်ကောက်ခံမှုစနစ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ နိုင်ငံတစ်ဝန်း ဆင်းရဲချမ်းသာကွာဟချက်ကို ကျဉ်းမြောင်းစေခြင်း၊ မြို့ပြ အုပ်ချုပ်ရေးစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာအားကောင်းစေခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ အစိုးရများ၏ ကိုယ်ပိုင်ဘဏ္ဍာငွေရှာဖွေနိုင်မှု တိုးတက်ခိုင်မာလာစေခြင်းစသည့် အကျိုး ကျေးဇူးများရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အခွန်ကောက်ခံမှုပုံစံ နည်းလမ်းတစ်ရပ် ဖြစ်ပါကြောင်း။

 

ပစ္စည်းခွန်ကောက်ခံမှုကို စနစ်တကျပီပြင်စွာ အကောင်အထည်ဖော်နိုင်ပါက တိုင်းဒေသကြီး /ပြည်နယ်အစိုးရများ၏ အခွန်ဘဏ္ဍာရငွေ သိသိသာသာ တိုးတက်လာမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး အတွက် အ‌ရေးပါသည့် အခြေခံအဆောက်အဦ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရာ၌ ပြန်လည်အသုံးချ လာနိုင်မည်ဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသို့ အခွန်ဝင်ငွေ ခွဲဝေပေးရန်တာဝန် လျော့နည်းလာမည် ဖြစ်သဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် ဒေသအတွက် အပြန်အလှန် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ ပစ္စည်းခွန် ကောက်ခံခြင်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ တက်ရောက် လာသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြု ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပိုမိုကောင်းမွန်သည့် ပစ္စည်းခွန်စနစ် ဖြစ်ပေါ်လာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိစ္စရပ် များကို ဆွေးနွေးတင်ပြပြီး နေပြည်တော်ကောင်စီ၊ ရန်ကုန်နှင့် မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများက ပစ္စည်းခွန်ကောက်ခံမှု အခြေအနေများကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ထိရောက် ကောင်းမွန်သည့် ပစ္စည်းခွန်စနစ် ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)