နေပြည်တော် ၁၁ သြဂုတ်

 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ စကားဝိုင်းကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ချောက်ကန်ကျေးရွာ၌ ကျင်းပခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူ ရှစ်ဦးတို့ ကျေးရွာတွင်ပြုလုပ်သည့် စကားဝိုင်းဖြစ်သော်လည်း တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည်၊ ပြည်သူအားလုံးနှင့်သက်ဆိုင်သော စကားဝိုင်းဖြစ်ပေသည်။

 

ထိုစကားဝိုင်းတွင် အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝဖြင့် အမှားရှိလျှင်ပြင်ရန်၊ ပြဿနာရှိလျှင် ဖြေရှင်းရန်၊ ပြည်သူများအနေဖြင့် ယုံကြည်မှုရှိရန်၊ ဆင်ခြင်တုံတရားရှိရန်၊ နိုင်ငံ၏အနာဂတ်ကိုဦးတည်ပြီး ပစ္စုပ္ပန်ကိုအာရုံစိုက်ရန်၊ နိုင်ငံအတွက် လက်ရှိလုပ်ရမည့်ကိစ္စများကို အားလုံးဝိုင်းဝန်းလုပ်ကိုင်ကြရန်တို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးစွာပြောကြားခဲ့ပြီး တိုင်းပြည်အတွက် အရေးကြီးသော ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးတို့နှင့်ပတ်သက်၍ ဦးစားပေးဆွေးနွေးခဲ့ကြသည်။

 

ဒေသခံပြည်သူများ စကားဝိုင်းဖြစ်သည်နှင့်အညီ ပြည်သူများထားရှိမွေးမြူရမည့်စိတ်ထားများနှင့် လုပ်ဆောင်ရမည်တို့နှင့်ပတ်သက်၍နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ပြည်သူလူထု အရည်အချင်းပြည့်ဝရင် အရည်အချင်းမဲ့တဲ့ အစိုးရတစ်ခုတက်ဖို့ အင်မတန်မှခက်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထုကနေ ဆင်ခြင်တုံတရားရှိနေရင် အစိုးရကလည်း ကောင်းလေပဲ။ ဆင်ခြင်တုံတရားရှိရုံနဲ့လည်း မလုံလောက်ဘူး။ ပြည်သူလူထုကနေ သိက္ခာရှိရှိ၊ သတ္တိရှိရှိနဲ့ ကိုယ်ယုံကြည်ရာဘက်ကနေရပ်တည်ဖို့ဟာ အင်မတန်အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။

 

ပြည်သူလူထုသည် အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းရေးအတွက်အရေးကြီးသကဲ့သို့ ပြည်သူလူထု၏ ရပ်တည်မှုနှင့် စိတ်နေစိတ်ထားများကြောင့်လည်း ကောင်းမွန်သောအစိုးရ၊ ကောင်းမွန်သောနိုင်ငံတော် ပေါ်ထွန်းရေးအတွက် တွန်းအားများဖြစ်စေသည်။ ပါတီစုံဒီမိုကရေစီခေတ်ကာလတွင် ပြည်သူလူထု၏ ရွေးချယ်မှုဖြင့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရခြင်းဖြစ်၍ မှန်ကန်စွာရွေးချယ်နိုင်သည့်၊ ရွေးချယ်တတ်သည့် အရည်အချင်းများ ပြည်သူများတွင် ရှိကြရမည်ဖြစ်သည်။

 

ထို့အပြင် နိုင်ငံ့အရေးများအား ဖြေရှင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ နိုင်ငံရေးလုပ်တယ်ဆိုတာအနာဂတ်ကိုကြည့်ပြီး လုပ်ရပါတယ်။ အနာဂတ်ကိုဦးတည်ပြီး ကြည့်တာကတော့ ပစ္စုပ္ပန်ကို တည့်တည့်ကြည့်ရမှာပါ။ ပြောချင်တာက ပစ္စုပ္ပန်ကိုတည့်တည့်ကြည့်ပါ။ အခုဖြစ်ပေါ်နေတဲ့ ကျွန်မတို့နိုင်ငံရဲ့ ပြဿနာတွေ၊ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တည့်တည့်ကြည့်ပါ”ဟု ပြောကြားခဲ့သည်။ ပစ္စုပ္ပန်ကို တည့်တည့်ကြည့်ကာ လုပ်ကိုင်ဆောင်ရွက်ခြင်းသည်အစွန်းမထွက်သော မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ဖြစ်၍ မှန်ကန်သော လုပ်ဆောင်မှုဖြစ်သည်။ လက်ရှိကာလ ယုံကြည်မှုပျက်ပြားနိုင်သော၊လုပ်ဆောင်မှုလွဲမှားသောကိစ္စရပ်များမှာ အတိတ်ဆီသာ ပြန်သွားနေခြင်း၊ မဖြစ်သေးသော အနာဂတ်ကိုသာ အာရုံစိုက်နေခြင်းတို့ကြောင့် ရည်မှန်းချက်နှင့် အလှမ်းဝေးနေသည်ဟု ဆိုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဆွေးနွေးပြောကြားခဲ့သည့်ကျေးလက်ပြည်သူစကားဝိုင်းမှ မှာကြားချက်များသည် ယနေ့နိုင်ငံနှင့်ပြည်သူများအကြား ကောင်းကျိုးဖြစ်ထွန်းရေးနှင့် ဆက်လက်ခံယူ လုပ်ဆောင်ရမည့် အချက်များဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားချက်များနှင့်အညီ ပစ္စုပ္ပန်ကိုတည့်တည့်ကြည့်၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး ကောင်းစားရေးလုပ်ငန်းများကို ညီညီညွတ်ညွတ် ဝိုင်းဝန်းလုပ်ဆောင်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ