ရန်ကုန် ၁၇ ဧပြီ

 

မြန်မာနှစ်သစ် မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်/စခန်း အသီးသီးရှိ အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ ၂၄၈၉၆ ဦးကို ယနေ့နံနက်ပိုင်းက  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၇၀၀ ကျော် လွတ်မြောက်ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။

 

အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအေးသွင်က “ဒီနေ့လွတ်မြောက်မယ့် အကျဉ်းသား၊ အကျဉ်းသူတွေကို နှာခေါင်းစည်းတွေ ဝေထားတယ်။ သူတို့ကို ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေပြု လုပ်ထားပြီးဖြစ်ပါတယ်။ အခုလို လွတ်ငြိမ်းခွင့်ပေးတဲ့အခါမှာလည်း  တပ်မတော်ဆေးအဖွဲ့နဲ့ ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအဖွဲ့တွေက သူတို့ကိုကျန်းမာရေးစစ်ဆေးတယ်။ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး ကင်းရှင်းကြောင်း ထောက်ခံချက်တွေ ထုတ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ပေးတဲ့ YBS ယာဉ်တွေနဲ့ သူတို့နေထိုင်ရာ နီးစပ်နေရာတွေအထိလိုက်လံ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

 

နယ်ဝေးပြန်မည့်သူများအတွက် မြန်မာ့မီးရထားဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-ရွှေညောင် ခရီးစဉ်များအား သက်ဆိုင်ရာဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

ယနေ့ ပြန်လည်လွတ်မြောက်လာသူ လှိုင်သာယာမြို့နယ် အမှတ်(၁၄)ရပ်ကွက်နေ ကိုအောင်မြင့်သူက “မူးယစ်ဆေးဝါးမှုနဲ့ ငါးနှစ်ကျတာပါ။ ပြစ်ဒဏ်အားဖြင့် အချုပ်ရော၊ အကျရော ကိုးလလောက်ကြာခဲ့ပါတယ်။ နိုင်ငံတော်က အခုလိုလွတ်ငြိမ်းခွင့်ပေးတာ အတိုင်းမသိ ပျော်ရွှင်ပါတယ်။ အပြင်မှာလည်း ကပ်ရောဂါဖြစ်ပွားနေတာဆိုတော့ ဘယ်မှမသွားရဲဘူး။ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြီး အမြန်ဆုံးပျောက်ကင်းပြီးတော့ ကျွန်တော်တို့တွေ ပျော်ပျော်ရွှင်ရွှင်နေချင်တယ်။ အခြားအကျဉ်းသားတွေလည်း  အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်”ဟု ပြောသည်။

 

ပုဇွန်တောင်မြို့နယ်မှ ဒေါ်နီလာက “သားကိုလာစောင့်နေတာပါ။ သူကဆေးမှုနဲ့ ငါးနှစ်ကျသွားတာ။ နှစ်ဆန်းတစ်ရက်နေ့က လွှတ်နေကြဆိုတော့ ကိုယ်လည်းမျှော်မှန်းပြီး လာခဲ့တာပါ။ လွတ်ငြိမ်းခွင့်ထဲ ပါ၊ မပါတော့ မသိရသေးပါဘူး”ဟု ပြောသည်။

 

အင်းစိန်ဗဟိုအကျဉ်းထောင်မှ ယနေ့ပြန်လည်လွတ်မြောက်လာသူ အကျဉ်းသား၊ အကျဉ်းသူများအား တပ်မတော်ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့က ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် အင်းစိန်ဗဟိုအကျဉ်းထောင်အနေဖြင့် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများအား နေ့စဉ် ကျန်းမာရေး စောင့်ကြည့်စစ်ဆေးမှုများ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများနှင့် လက်တွေ့လိုက်နာ ဆောင်ရွက်နိုင်ရန်တို့အတွက် လိုအပ်သည့် ကျန်းမာရေးဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ 

 

သတင်း-ဇော်ကြီး(ပဏီတ)၊ ဓာတ်ပုံ-ဖေဇော်